Tuesday, September 4, 2012

ပြည်သူကိုကိုယ်စားမပြုသော ပြည်သူ့ကိုယ်စားလှယ်

ပြည်သူကိုကိုယ်စားမပြုသော ပြည်သူ့ကိုယ်စားလှယ်

            ဒီမိုကရေစီဟူသည် ပြည်သူကိုကိုယ်စားပြုသောစနစ်ဟုဆိုကြသည်။ ပြည်သူကိုယ်စားပြုသောစနစ် ဖြစ်သောကြောင့်လည်း လေးနှစ်တစ်ကြိမ်(သို့မဟုတ်)ငါးနှစ်တစ်ကြိမ်ရွေးကောက်ပွဲများကျင်းပစေ၍ ပြည်သူ များကသူတို့ကို ကိုယ်စားပြုသော အမတ်လောင်းများကို ရွေးချယ်တင်မြှောက်ကြသည်။
            အချို့ဆိုလျှင်For the People(ပြည်သူ့အတွက်)၊ Of the People(ပြည်သူ့တွေရဲ့ဟူ၍)ပြည်သူဟူသော စကားလုံးကို အသုံးချ၍ ဟောပြောစည်းရုံးမှုများပင်ရှိသည်။ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံရေးပါတီကမျှ ပြည်သူအ တွက်ဟူ၍ ကိုယ်စားမပြုသည့်ပါတီဟူ၍မရှိ။ရွေးကောက်ပွဲများ တွင်ပင် ပြည်သူကိုဘာလုပ်ပေးမည်၊ညာလုပ်ပေး မည်ဟူ၍ အကြိမ်ကြိမ်အခါခါ အက်ကြောင်းထပ်အောင်ပြောနေကြသည်။(တကယ်စွမ်းနိုင်သည် မစွမ်းနိုင် သည် မသိ။) ရွေးကောက်ပွဲကာလရောက်ပြီဆိုလျှင် ပြည်သူနားဝင်ချိုမည့်၊ပြည်သူလိုလားသည့်စကားမျိုးကိုပြော၍ပင် စည်းရုံးဟောပြောကြသည်ကိုတွေ့ရမည်ဖြစ်သည်။ထို့ကြောင့်လည်းPopular Voteဖြင့်တက်လာသည်ကများပေ လိမ့်မည်ဖြစ်ရာ အပြောအဟောကောင်းသူများ၊ကိုယ်ရည်ကိုယ်သွေး Talent ရှိသူများက အနိုင်ရသွားသည်က များသည်။ဤသို့ဆိုလျှင်ပြည်သူတွေက သူတို့၏ဘဝကိုပုံအပ်၍ ကိုယ်စားလှယ်များကိုရွေးချယ်ကြသလဲ ဟုမေး စရာရှိသည်။ထိုအမေးကို ကျွန်တော့်၏ဆန်းစစ်ချက်အရဖြေရလျှင် ယုံကြည်မှုဖြင့်ရွေးသည် ဟုဖြေရပေလိမ့် မည်။ပြည်သူတွေက ဒီကိုယ်စားလှယ်လောင်းကတော့ ငါတို့တိုင်းပြည် ငါတို့လူမျိုးအတွက် ဆောင်ရွက်နိုင်မယ့် သူပဲဟု ရည်မျှော်မှန်းဆ၍ ရွေးချယ်ကြခြင်းပင်ဖြစ်ပေသည်။
            မည်သို့ပင်ဆိုစေကာမူ၊ မည်သည့်နည်းနှင့်ရွေးကောက်ပွဲတွင် အနိုင်ရလာသည်ဖြစ်စေ လွှတ်တော် အမတ်များသည်(တပ်မတော်သားကိုယ်စားလှယ်ဖြစ်ဖြစ်၊အရပ်သားကိုယ်စားလှယ်ဖြစ်ဖြစ်) ပြည်သူ့ကိုယ်စား လှယ်လောင်းများပင်ဖြစ်ရာ မိမိတို့သည် ပြည်သူကိုကိုယ်စားပြုရပေလိမ့်မည်။ပြည်သူတို့၏လိုလားချက်များ၊ပြည် သူတွေ၏ လိုအပ်ချက်များ၊ပြည်သူများ၏ အခက်အခဲများကို တတ်စွမ်းသမျှဖြေရှင်းနိုင်ရန် ဝိုင်းဝန်း စဉ်းစားကြ ရပေလိမ့်မည်။
            တနည်းအားဖြင့်အမြော်အမြင်ရှိရမည်။ မိမိတို့၏ ပြုမူလုပ်ကိုင်ဆောင်ရွက်သမျှ ပြောဆိုမှုမှန်သမျှသည် ပြည်သူကိုကိုယ်စားပြုရပေလိမ့်မည်။၂၁ရာစုခေတ်သစ် တနည်းအားဖြင့် ကမ္ဘာတစ်ခုလုံးနှင့် ဆက်သွယ်နေရသော ဂလိုလယ်လိုက်ဇေးရှင်းခေတ်ကြီးတွင် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတကာနှင့် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးရာ ကိစ္စများအတွက် နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်နေ့ရသည် ဖြစ်ရာ မိမိတို့၏ ပြောဆိုသမျှသည် နိုင်ငံ၏ ပုံရိပ်ဖြစ်လာမည်ဖြစ်ရာ ပြောဆိုသမျှသည် သံတမန်ရေးရာကိစ္စဟူ၍ပင် ယူမှတ်ရမည်ဖြစ်သည်။
            ယနေ့မြန်မာနိုင်ငံသည် တက်ကြွသောအားမာန်အပြည့်ဖြင့်ခေတ်သစ်စနစ်သစ်သို့ဦးတည်လျက် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို အင်တိုက်အားတိုက်ဆော်ရွက်နေကြသည်။နိုင်ငံတော်အတွင်ရှိ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ခေါင်းဆောင်အသီးသီးတို့သည် မိမိနိုင်ငံတိုးတက်ရေးအတွက် မည်သည့်နိုင်ငံနှင့်မဆိုလက်တွဲ၍ ဆောင်ရွက်နေကြသည်။
            နိုင်ငံတွင်နှစ်နှစ်ဆယ်ကာလပတ်လုံး လက်မတွဲနိုင်ခဲ့ကြသည့် အတိုက်အခံပါတီNLD နှင့် အစိုးရတို့သည် ယနေ့ခေတ်တွင်လက်တွဲ၍ မတူတာပယ်ပြီး မြန်မာပြည်သူနှင့်မြန်မာနိုင်ငံ၏အကျိုးကိုရှေးရှု၍ လက်တွဲဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက်လည်း နိုင်ငံတကာအလယ်တွင်ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့သည်။ ပိတ်ဆို့ ထားသော စီးပွားရေးပိတ်ဆို့မှုမှ အထိုက်အလျောက် ဖြေလျှော့ပေးမှုများကိုရရှိခံစားလာရသည်။ မြန်မာသည် အပယ်ခံဘဝမှ နိုင်ငံတကာ၏ အရေးပေး ဂရုစိုက်မှုကိုရရှိလာပြီဖြစ်သည်။ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် ပြတ်တောက်ခဲ့သော အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံများနှင့် ပြန်လည် ရင်ကြားစေ့နိုင်ခဲ့သည်။ တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးမှု နှင့်ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ရွှေ့နိုင်ခဲ့သည်။ နိုင်ငံတော်သမ္မတကြီးဆိုလျှင် နိုင်ငံတကာကို သွားရောက်၍ပင် မြန်မာပြည်အကျိုးတွက် ဆက်သွယ်ဆောင်ရွက်နေသညကိုတွေ့ရပေမည်။နိုင်ငံရေး ပါတီများဆိုလျှင်လည်း နိုင်ငံတည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအချို့စတင်မည့်ခြေလှမ်းများကိုတွေ့နေကြရမည်ဖြစ်သည်။
            ဤသို့သောပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ ပြီးမြောက်ပြီဟုမပြောနိုင်သည့်တိုင် အခြေအနေတစ်ခုဆီသို့ ရောက်ရှိလာပြီဟု ပြောနိုင်ပြီဖြစ်သည်။သို့သော် မြန်မာနိုင်ငံရေး ဘက်စုံပြုပြင်ပြောင်းလဲမှု ခရီးတွင်စိန်ခေါ်မှုများစွာ လည်းရှိနေသည်။ထိုအခြေအနေကို ညင်သာစွာထိန်းကျောင်းမှု ပြုနိုင်ရန် နိုင်ငံတော်သမ္မတဦးဆောင်သောအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမိုကရေစီအင်အားစုများ၊ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်မှပြည်သူ့ ကိုယ်စာလှယ်များ ကတိုင်းပြည်၏ တိုးတက်ရေးတွက်အမြော်အမြင်ရှိရှိလုပ်ဆောင်လျက်ရှိကြပေသည်။
            ထို့သို့လုပ်ဆောင်လျက်ရှိသော်လည်း မည်သည့်နေရာတွင်မဆို အဖျက်ပိုးမွှားများ၊အဆိုးမြင်ဝါဒီများ ရှိမြဲဖြစ်သည်။ ထို့နည်းတူ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင်လည်း နောက်ကြောင်းပြန်လှည့်လိုသော၊လက်နဲ့ရေးသည်ကို မစားရအမဲသဲနဲ့ပတ်လိုသော အဖျက်အင်အားစုများရှိနေသည်။တစုံတစ်ဦးသည် အဖျက်သဘောရှိမရှိကို ထိုသူ၏ပြုမူပြောဆိုမှုကိုကြည့်ခြင်းဖြင့်သိနိုင်သည်။ထိုသူ၏ စိတ်နေသဘာဝကို ထိုသူ၏နှုတ်ထွက်စကား နိမိတ်ပြ လျက်ရှိသည်။
            ပြည်သူကိုယ်စားပြုကိုယ်စားလှယ်များထဲတွင်ပင်ထိုသို့သော လူမျိုးရှိနေသည်မှာ တိုင်းပြည်အတွက် ရင်လေးဖွယ်ရာ ဖြစ်တော့သည်။ဤသို့သာပုဂ္ဂိုလ်၏ အပြောအဆိုကိုကြည့်၍ ရွေးချယ်လိုက်သောပြည်သူတစ်ယောက် အနေဖြင့် မိမိတို့ပေးခဲ့မိသောမဲကိုပင်နှမြောမိသည်။
            ဤသည်ကားအခြားမဟုတ် ကျွန်တော်ဂျာနယ်တွင်တွေ့ရသော သတင်းတစ်ခုတွင်ဖြစ်သည်။ထိုသတင်းတွင်လွှတ် တော်ကိုယ်စားလှယ်ကြီးတစ်ဦးက ပြည်ပမီဒီယာနှင့်အင်တာဗျူးတွင် ပြည်သူပေးသောမဲကိုမထောက် အမြော်အမြင် ကင်းမဲ့စွာ ဖြေကြားထားသည်ကို တွေ့ရသည်။
            အဆိုပါအင်တာဗျူးတွင်ထိုကိုယ်စားလှယ်တော်ကြီးဖြေကြားသော မြစ်ဆုံကိစ္စ၊မြန်မာ-အမေရိကန်သံတမန်ကိစ္စ၊ နိုင်ငံရေးအင်အားစုများကိစ္စ၊ ပြည်သူတို့၏ ရွေးချယ်တင်မြှောက်မှု အစရှိသည်တို့နှင့်ပတ်သက်၍ အမြော်အမြင် ကင်းမဲ့စွာ ဖြေကြားထားသည်ံကိုတွေ့ရမည်ဖြစ်သည်။
           


မြစ်ဆုံအရေး စဉ်းစားပေး
မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ အဆိုပါပြည်သူ့ကိုယ်စားလှယ်ကြီးက “ဆောက်ကိုဆောက်ရမှာပေါ့”ဟု ဖြေကြားခဲ့သည်။ ဤနေရာတွင်စဉ်းစားရမည်မှာ ကျွန်တော်တို့အနေဖြင့်လက်ငင်းကိစ္စကိုစဉ်းစားမည်လား၊ရေရှည်အတွက် ကိုစဉ်းစား မည်လား။ မြစ်ဆုံဆည် တည်ဆောက်ဖို့ စဉ်းစားမည်လား၊ ဧရာဝတီမြစ်ကြီး အစဉ်တည်တံ့ရေးကို စဉ်းစားမည်လား။ ထည့်သွင်း မြော်မြင်ဖို့လိုသည်။ ကျွန်တော်တို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်စဉ်းစားရာတွင် Substainableဖြစ်ဖို့ပါ ထည့်သွင်းစဉ်းစားရမည်။ ဧရာဝတီမြစ်ကိစ္စကို စဉ်းစားလျှင်ထိုမြစ်ကိုအမှီပြုနေရသည့် ပြည်သူတို့၏ဘဝကို ထည့်စဉ်းစားဖို့လို မည်ဖြစ်သည်။


သမ္မတကြီး၏ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံ တွင်သမ္မတဦးသိန်းစိန်အစိုးရ တက်လာခါတွင် မရှေးမနှောင်းဆိုသလို မြန်မာနိုင်ငံ ဧရာဝတီမြစ်ဆုံစီမံကိန်း ကိုပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူများ၊ပညာရှင်များ အပါအဝင် ပြည်သူတစ်ရပ်လုံးက ကန့်ကွက်ကြသည်။ပြည်သူများက အနာဂတ်တွင်ပျောက်ကွယ်သွားနိုင်သည့် မြစ်ဧရာအတွက် စိုးရိမ်မိကြသည်။ ထိုသို့သော အခြေအနေတွင် ခေတ်သစ်နစ်သစ်ကို စိတ်သစ်လူသစ်ဖြင့်ဖြတ်သန်းမည့် သမ္မကြီးက ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးရန်နှင့် မြန်မာနိုင်ငံ၏ အဖိုးတန်ရေသံယံဇာတမဆုံး ရှုံးစေရန် မြစ်စုံဆည် စီမံကိန်းကို မိမိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ ဤလုပ်ဆောင်ချက်သည် ဒီမိုကရေစီအစိုးရ၏ ပထမဆုံးပြည်သူ့ဘက်က ရပ်တည်ချက်ပင်ဖြစ်သည်။နိုင်ငံတော်အကြီးအကဲ တစ်ယောက်အနေဖြင့် သူ့တိုင်းပြည်နှင့်သူ့ပြည်ူအကျိုးအတွက် အရေးပါသော ဆုံးဖြတ်ချက်မျိုးချမှတ်ခဲ့သည်ကို ကန့်ကွက်ကြလျှင် ပြည်သူကို ကိုယ်စားပြုသောပြည်သူ့ကိုယ်စားလှယ်တစ်ယောက် အနေဖြင့် ပြည်သူ့ကိုယ်စားလှယ်ဟုဆိုနိုင်ပါဦးမည်လော။ ပြည်သူ့ကိုယ်စားလှယ်ဟူသော ဂုဏ်ပုဒ်နှင့်ထိုက်တန်ပါဦးမည်လော။ဆိုသည်ကို အဆိုပါလွှတ်တော်ကိုယ်စားလှယ်ကြီး၏ ပြောဆိုမှုများကသက်သေပြနေပေသည်။ဦးအောင်သိန်းလင်းသည် ပြည်ခိုင်ဖြိုးပါတီမှ တဆင့်ရွေးကောက်ပွဲဝင်ခဲ့ သူဖြစ်ရာ သူ၏ပြောဆိုပြုမူမှုသည် သူကိုယ်စားပြုသောပါတီ၏ ဂုဏ်သိက္ခာကိုပါများစွာထိခိုက်စေသောအပြုအမူပြောဆိုမှုပင်ဖြစ်ပါ သည်။

အမေရိကန်အကူအညီများ
ပြုပြင်ပြောင်းလဲမှုပြုလုပ်ခြင်းကိုလူတိုင်းကလိုလာသည်။သို့ရာတွင်မှန်ကန်သောပြုပြင်ပြောင်းလဲမှုဖြစ်ဖို့လိုသည်။မှန်ကန် သောပြုပြင်ပြောင်းလဲမှုကိုဆောင်ရွက်သောနိုင်ငံ၊အဖွဲ့အစည်း၊လူကို လမ်းကြောင်းမှန်ပေါ်သို့တင်ပို့ပေးရစမြဲဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အခွင့်အလမ်းကောင်းများရှိနေသော ပထဝီအနေအထားတွင်ရှိခြင်းကြောင့် နိုင်ငံကြီးများအနေဖြင့် သူတို့၏ အကျိုးကိုကြည့်၍ကူညီသည့်သဘောပါနိုင်သည်မှာ မငြင်နိုင်ပေ။သို့သော် ထိုသို့သော အကူအညီ တို့သည် “ဒေါ်အောင်ဆန်းစုကြည်အတွက်လာတာ” ဟုဆိုလျှင်တက်တက်စင်အောင်မှားယွင်း ပေလိမ့်မည်။ အမေရိကန်၏အကူအညီသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အားပေသည့် သဘောသာဖြစ်ပေသည်။ ထိုသို့သောပြုပြင်ပြောင်းလဲမှုတို့သည် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနှင့်ဖြစ်မလာနိုင်သလို၊သမ္မတကြီးတစ်ဦး တည်းနှင့်လည်းဖြစ်မလာနိုင်ပါ၊နိုင်ငံတွင်ပါဝင်ပတ်သက်နေသော Stakeholder များနှင့်အားလုံး ပူးပေါင်းဆောင်ရွက် သောကြောင့်သာ ဖြစ်လာရခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် ထင်ရှားခြင်းသည် ပြည်သူ့ကြောင့်ဖြစ်သည်။ သမ္မကြီးဦးသိန်းစိန် ပြုပြင်ပြောင်လဲမှုများကို ထောက်ခံလာကြသည်မှာလည်း ပြည်သူတို့အတွက် ပြည်သူတို့၏ အခွင့်အရေး အတွက်ပင်ဖြစ်ရာ အမေရိကန်၏ထောက်ခံမှုသည်လည်း ထို့အတွက်ကြောင့်ပင်ဖြစ်ပေသည်။ ပြည်သူ့အတွက် လုပ်ဆောင်နေသမျှ အဆိုပါပုဂ္ဂိုလ်များကို အများကထောက်ခံနေမည်ဖြစ်ပြီး ပြည်သူအပေါ်စေတနာ မမှန်သူတို့ကား အများ၏ ငြိုငြင်မှုကိုခံရမည်သာဖြစ်သည်။

တရုတ်-မြန်မာဆက်ဆံရေး
မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံပေါ်စိတ်ကွက်ခြင်းအနည်းနှင့် အများတော့ရှိ ကောင်းရှိနိုင်သည်။မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ တာဝန်ရှိသူများအနေနှင့်လည်း တရုတ်နိုင်ငံသို့သွားရောက် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။မြန်မာခေါင်းဆောင်များအနေဖြင့် အမေရိကန်နှင့်ပူးပေါင်းချင်၍ တရုတ်နှင့်သဘောတူထား သောလုပ်ငန်းကြီးကိုရပ်ဆိုင်းခြင်း အိမ်နီးချင်၏ ပျက်စီးရာပျက်ဆီးကြောင်းလုပ်ကိုင်ခဲ့ခြင်းမျိုး၊အမေရိကန်ကို နှစ်သိမ့်ခြင်း မျိုးလုပ်ကိုင်ခဲ့ခြင်းမျိုးမဟုတ်။ပြည်သူများ၏ မလိုလားသော၊ပြည်သူစိုးရိမ်သောကိစ္စတစ်ခုကို ဆက်မလုပ်ခြင်း၊မိမိနိုင်ငံ၏ သဘာဝအရင်းအဖြစ်များကို ထိန်းသိမ်းကာကွယ်ခြင်းသာဖြစ်သည်။ မြစ်ဆုံကိစ္စက တရုတ်မြန်မာဆက်ဆံရေးပျက်ပြား စေသည်မှာမသေချာသော်လည်း “မြစ်ဆုံရေကာတာကို ဆောက်ကိုဆောက်ရမှာပေါ့”ဟုပြောကြားခဲ့သော ကိုယ်စား လှယ်ကြီးသည်သာ ပြည်သူနှင့်ဆက်ဆံရေးပျက်ပြားသွားနိုင်သည်ဟု ရှုမြင်ပါသည်။ ထို့ပြင်အဆိုပါပုဂ္ဂိုလ်ကြီးပြောခဲ့သော “အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်မြန်မာဆက်ဆံရေးပျက်ပြားအောင်လုပ်ခဲ့တာပါ”ဟူသောစကားရပ် သည်လည်း အထောက်အထားခိုင်လုံမှုမရှိသည့်အပြင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှု နှင့် အမေရိကန်နှင့် တရုတ်အကြားဆက်ဆံရေးတင်းမာမှု ကိုဖြစ်စေနိုင်သည်ဟု ရှုမြင်ပါသည်။ မိမိ၏ အပြောအဆိုကိုဆင်ခြင်သင့်ပါသည်။သင်းကွဲအောင်လုပ်သည့် သဘောထားမျိုးပင်ဖြစ်သည်။

ပြည်သူကို စော်ကားသောအပြော

NLD အပေါ်ပြည်သူတို့ ထောက်ခံမှုအပေါ် ပြည်သူတွေကရူးနေတာပါ ဟုပြောလိုက်ခြင်းသည် ပြည်သူတစ်ရပ်လုံး၏ သဘောထား၊ ရပ်တည်ချက်တို့ကို စော်ကားရာရောက်ပါသည်။ပြည်သူ့ပါတီမှ ဗဟိုအမှုဆောင်တစ်ဦး အနေနှင့် မိမိတို့သည်ပြည်သူအတွက်လုပ်နေသည်၊ပြည်သူဘယ်လိုပဲဖြစ်ဖြစ် ပြည်သူအတွက်ဆက်လက် လုပ်ဆောင် သွားရန်၊ ထည့်မစဉ်းစာပဲ ပြည်သူကိုပတ်ရမ်းခြင်းသည် မိမိအဖွဲ့အစည်းအတွက် မျက်နှာညှိုးငယ်စေပါသည်။
စကားအသွားအလာ
          အဆိုပါပုဂ္ဂိုလ်ကြီး၏ အပြောအဆိုများ၊ဖြေကြားချက်များကို ခြုံငုံသုံးသပ်ရလျှင် ပြည်သူကို အလေးမထားသော သဘော ရေရှည်မြော်မြင်မှုအားနည်းသည့်သဘောမျိုးကိုတွေ့ရပါသည်။နိုင်ငံရေးအာဃာတများကို လည်းတွေ့မြင်ရပါမည်။ ယနေ့ခေတ်အချိန်ကာလတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊အာလုံးပါဝင်သောနိုင်ငံရေးဖြစ်စဉ်(All Inclusive Political Process)ပေါ်ပေါက်လာရေး၊ ဘက်စုံပြုပြင်ပြောင်းလဲရေး(Reforms)၊ စီးပွားရေးပိတ်ဆို့မှု(Sanction)များ ဖယ်ရှားရေး၊ နိုင်ငံတည် ဆောက်ရေး(State Building) အစရှိသော အရေးအရာမျိုးစုံကို တာဝန်သိသိဆောင်ရွက်နေကြချိန်တွင် နိုင်ငံရေးအားပြိုင်မှုများ မထားရှိ သင့်တော့ပါ။နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရကာရှိသေး မျက်နှာအိုးမည်းသုတ်သော ပြောဆိုပြုမူမှုများမပြု လုပ်သင့်တော့ပေ။
            အထူးသဖြင့် နိုင်ငံတကာနှင့်ပြောဆိုဆက်ဆံရာတွင် အဆိုပါပုဂ္ဂိုလ်ကြီးအနေဖြင့် အဆင့်အတန်းရှိရှိ အမြော်အမြင်ရှိရှိ ပြောဆိုဖို့အရေးကြီးသည်။ မိမိ၏ အပြောအဆိုသည် နိုင်ငံ၏လုပ်ဆောင်ချက်များအပေါ် နိုင်ငံတကာမှ အထင်မြင်လွဲမှားစေမည်ဖြစ်သည့်အတွက် ချင့်ချိန်ဖို့လိုပါသည်။
            ဤကဲ့သို့သောတစ်ယူသန်စိတ်မျိုးဖြင့် ပြည်သူကိုကိုယ်စားပြုမည်ဆိုလျှင် ပြည်သူ့ကိုယ်စားလှယ်ဟု ခေါ်ဆိုနိုင်ပါမည်လော။
            ပြည်သူ့ကိုယ်စားလှယ်တို့အနေဖြင့် မိမိပြည်သူတို့ အတွက်ဘယ်သို့ ဘယ်ပုံဖြေရှင်းနိုင်မည် ဆိုသည်ကိုနည်းလမ်းရှာဖို့သင့်ပေသည်။တစ်ဦးနှင့်တစ်ဦး နိုင်ငံရေးအားပြိုင်နေချိန်တွင် နိုင်ငံတွင်ပြည်သူတွေခမျာလူမှု ဘဝဖူလုံမှုလျော့နည်းနေသည်များရှိနေသေးသည်ဖြစ်ရာ ထိုသို့သောတဇွတ်ထိုးပြောဆိုနေခြင်းသည် ပြည်သူ့တွေရဲ့ခံစားချက်ကို နားမလည်ရာရောက်ပေလိမ့်မည်။
အတိတ်မှသင်ခန်းစာယူ
            မြန်မာနိုင်ငံတွင်၁၉၄၈လွတ်လပ်ရေးရပြီးချိန်မှစ၍ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဂိုဏ်းကဏ္ဍစွဲများကြောင့် တိုင်းပြည်၏ရေရှည်ဖွံ့ဖြိုးရေးကိုခလုပ်နိုင်ခဲ့သည့် အပြင်ပြည်တွင်းစစ်မီးလည်းတာရှည်စေခဲ့သည်ဖြစ်ရာ မှားပြီးသားအမှား မျိုးထပ်မမှာဖို့ သင်ခန်းစာယူသင့်လှပေသည်။အကယ်၍ နိုင်ငံရေးအားပြိုင်မှုကြောင့် နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးခရီး နောက်ကြောင်းပြန်လှည့်ခဲ့သည်ရှိသော် ကျွန်တော်တို့အတွက်ကြီးမားသောဆုံးရှုံးမှုကြီးနှင့် နောင်တတရားပင်ကျန်ခဲ့ ပေလိမ့်မည်ဖြစ်သည်။
            ထို့အတွက်ကြောင့် ပြည်သူကိုကိုယ်စားမပြုသော၊ပြည်သူ့အသံအလေးမထားသော တစ်ဖက်စောင်းနင်းကိုယ်စား လှယ်များ မဖြစ်စေဘဲ တိုင်းပြည်အတွက် ပြည်သူအတွက် ပြည်သူကိုတကယ်တမ်းလက်တွေ့အကျိုးဆောင်ပြီး ပြည်သူ့ဘက်က ရပ်တည်မည့် ပြည်သူ့ကိုယ်စားလှယ်များအဖြစ်ရပ်တည်ကြဖို့လိုအပ်ကြောင်း စတုတ္ထမဏ္ဍိုင်မှ တာဝန်သိ စွာထိန်းကျောင်းတည့်မတ်လိုက်ရပေသည်။

ထိုသို့ပြောခဲ့သောပုဂ္ဂိုလ်ကြီးကား ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်သူကရွေးကောက်တင်မြှောက်ခဲ့သော ပြည်သူ့ ကိုယ်စားလှယ်၊ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းပင်ဖြစ်ပါတော့သည်။

No comments:

Recent Activities of life