ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားများ
အပါအဝင် ပြည်သူတစ်ရပ်လုံးသည် နိုင်ငံတော်၏ အချုက်အခြာ အာဏာအတွင်း မှီတင်းနေထိုင်သော
လူသားများ ဖြစ်သည့် အတွက်ကြောင့် လူသားများအနေဖြင့် ရသင့်ရထိုက်သော ရပိုင်ခွင့်များနှင့်
အခွင့်အရေးများအား ရရှိပိုင်ခွင့် ရှိပါသည်။
ယနေ့ခေတ်တွင် ရေပန်းစား လာသော၊ အရေးပါလာသော Gender Equality ဟူသော ကျားမတန်းတူ ညီမျှရေးသည်
ခေါင်းဆောင်များ အနေဖြင့်ရော၊ နိုင်ငံတော်အဆင့်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့်
ဒေသန္တရအဆင့် စသည်ဖြင့် အဆင့်တိုင်း အဆင့်တိုင်းတွင် ထည့်သွင်းစဉ်းစားရ မည့်ကိစ္စ ဖြစ်လာပါသည်။
နိုင်ငံတစ်နိုင်ငံတွင် အားလုံးပါဝင်မှုရှိသော All
Inclusivenss ဖြစ်စေရေးအတွက် ပြည်သူ့ရေးရာ မူဝါဒများ ချမှတ်ရာတွင် ကျား၊ မ တန်းတူညီမျှရေးကို
ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ ကျားမတန်းတူ ညီမျှရေး၊ အမျိုးသမီးများ၏ အခန်းကဏ္ဍကို
ထည့်သွင်းစဉ်းစားကြရမည့် အရေးသည် သီးခြားစဉ်းစားရမည့် ကိစ္စရပ်၊ သီ့းသန့်ခွဲထုတ်ထားရမည့်
ကိစ္စရပ်တစ်ခု မဟုတ်ဘဲ ဆုံးဖြတ်ချက်ချမှတ်သည့် ကိစ္စရပ်တိုင်း၊ လူသားတို့နှင့် စပ်ဆိုင်သည့်
မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရေးတွင် အမျိုးသမီးများအတွက် ပါဝင် ဆောင်ရွက်နိုင်စေရန်
ထည့်သွင်းစဉ်းစားကြစေခြင်း၊ စီစဉ်ဆောင်ရွက်ပေးခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။
ကျားမတန်းတူညီမျှရေး အယူအဆသည် အမျိုးသမီးများအား
အားနွဲ့သည်၊ အမျိုးသားများကဲ့သို့ ဆောင် ရွက်နိုင်သည့် စွမ်းဆောင်ရည်မရှိဟူ၍ အမျိုးသားများကဲ့သို့
တန်းတူအခွင့်အရေး မပေးဘဲ ခွဲခြားဆက်ဆံစေခြင်း မဟုတ်ဘဲ အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများအား
ရင်ဘောင်တန်း ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်
ပေးရမည့် အစီအမံများ၊ မူဝါဒရေးရာ လုပ်ငန်းစဉ်များ ချမှတ်ရာတွင် အမျိုးသမီးများလည်း
ပါဝင်ဆောင်ရွက်နိုင် စေမည့် အစီအစဉ်များကို ချမှတ်အကောင်အထည်ဖော်စေခြင်း ဖြစ်ပါသည်။
၂၀ရာစုနှင့် ၂၁ရာစုတို့တွင် အမျိုးသမီးများသည်
နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးနယ်ပယ်များ၏ ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ဆောင်ရွက်လာခဲ့ကြပြီ
ဖြစ်ကြောင်းနှင့် ယင်းတို့တွင်ရှိနေသည့် အရည်အချင်း စွမ်း ဆောင်ရည်များကို အသုံးချ၍
ဆုံးဖြတ်ချမှတ်သည့် ကိစ္စရပ်များတွင် လမ်းညွှန်မှုပေးနေကြသည်ကို လေ့လာ တွေ့ရှိရဆဲ ဖြစ်သည်ကို
တွေ့မြင်ရမည် ဖြစ်ပါသည်။ အစ္စရေးဝန်ကြီးချုပ် ဂေါ်ဒန်မီယာ၊ ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ၊
လူမှုရေး နယ်ပယ်တွင်ထင်ရှားသည့် မာသာထရီစာ တို့သည်အထူးထင်ရှားလှပါသည်။
၂၁ရာစုကို အမျိုးသမီးများ ဦးဆောင်သည့်ခေတ်ကို
ချဉ်းနင်းဝင်ရောက်လာသည့် ကာလဟုဆိုလျှင် မှား မည်မထင်ပါ။ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်နှင့်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ပါကစ္စတန်မှ ပညာရေးတက်ကြွလှုပ်ရှားသူ မာလာလာ
တို့သည်ထင်ရှားသည်။ ထိုနည်းတူ ပညာရပ်ဆိုင်ရာ၊ သုတေသနနယ်ပယ်များ၊ စက်မှုလက်မှု နယ်ပယ်များတွင်
အမျိုးသမီး ပညာရှင်များ ဦးစီးဦးဆောင်မှု ပြုနေကြပြီ ဖြစ်ပါသည်။
ရှေးယခင်က အမျိုးသားများသာ လုပ်ဆောင်နိုင်စွမ်း
ရှိသည်ဟု ယူဆခဲ့ကြသည့် တိုင်းပြည်၏ အုပ်ချုပ်ရေး ကိစ္စများကို အမျိုးသမီးများ အနေဖြင့်လည်း
ဦးစီးဦးဆောင်ပြုနိုင်သည့် စွမ်းရည် ရှိကြောင်း မျက်ဝါး ထင်ထင် တွေ့မြင်နေကြရပြီ ဖြစ်သည်။
အချို့သော နိုင်ငံများဆိုပါက ကျားမရေးရာ တန်းတူ ညီမျှရေးအတွက် ကိုတာ (အချိုးကျစနစ်)
ကို သီးသန့်သတ်မှတ်၍ ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ ကိုယ်စားပြုမှုကို သတ်မှတ်ဆောင်ရွက်လာကြပြီ
ဖြစ်ပါသည်။ အမျိုးသမီးများ သက်ဆိုင်ရာ နယ်ပယ်အသီးသီးသို့ ဝင်ရောက်လာ နိုင်ခြင်း နှင့်အတူ
အမျိုးသမီးများ၏ လိုလားချက် လိုအပ်ချက်များကို ထုတ်ဖော်တင်ပြခွင့် ဥပဒေ အရ ဆောင်ရွက်တင်ပြနိုင်ခွင့်များ
ရရှိလာနိုင်မည် ဖြစ်သည့်အပြင် အမျိုးသားများနည်းတူ ရင်ဘောင်တန်း လုပ်ကိုင်နိုင်မည်
ဖြစ်ပြီး ခေတ်ဟောင်းစနစ်ဟောင်းမှ အစဉ်အဆက်ရှုမြင်ခဲ့ကြသည့် သဘောထားများကို ပြုပြင်ပြောင်းလဲလာနိုင်မည်
ဖြစ်ပါသည်။
ကျားမတန်းတူညီမျှရေးသည် နယ်ပယ်အသီးသီးတွင်
အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်ရာ ကဏ္ဍအလိုက် အမျိုးသား၊ အမျိုးသမီး အချိုးအညီ မျှတစွာ
ပါဝင်ရေးအတွက် အလေးပေး ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ပါသည်။
ကျားမတန်းတူရေးနှင့်
အုပ်ချုပ်ရေး
အုပ်ချုပ်ရေး နယ်ပယ်တွင် အမျိုးသမီးများ
ပါဝင်ဆောင်ရွက်နိုင်ရေး ကိစ္စသည် ကျားမတန်းတူရေးတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်
ကိစ္စရပ်ဖြစ်ပါသည်။ သို့မှသာ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင် ရာတွင် အမျိုးသားများသပ်သပ်
ချမှတ်သည့် တစ်ဖက်စောင်းနင်း မူဝါဒများ ဖြစ်မလာတော့ပဲ အမျိုးသမီး၏ အခြေအနေနှင့် ကိုက်ညီစွာ
ဘက်မျှမျှ စဉ်းစားဆုံးဖြတ် ချမှတ်သည့် ကျားမတန်းတူရေးကို ရှေ့ရှုသည့် ဘက်မျှသည့် ဆုံးဖြတ်ချက်များ၊
မူဝါဒ ကောင်းများကို ဖော်ဆောင်လာနိုင်မည် ဖြစ်ပါသည်။
ကျားမတန်းတူရေးနှင့်
ဥပဒေပြုရေး
ဥပဒေပြုရေး ကဏ္ဍတွင် အမျိုးသမီးများ ပါဝင်ရေး
ကြိုးပမ်းရမည့် ကိစ္စရပ်မှာလည်း ဖြည့်စွက်စဉ်းစားရ မည့်ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ အချို့သော
ဒီမိုကရေစီနိုင်ငံများတွင် အမျိုးသမီးများအတွက် ကိုတာသတ်မှတ်၍ ဥပဒေပြုလွှတ်တော်တွင်နေရာ
သတ်မှတ်လာကြသည်မျိုး ရှိပါသည်။ ကိုတာသတ်မှတ်၍ ဥပဒေပြုရေးတွင် ကျားမ အချိုးအစား မျှမျှတတ
ပါဝင်နိုင်ရန် ဆောင်ရွက်ခြင်းသည် ကျားမတန်းတူညီမျှရေးကို ရှေ့ရှုသည့် ဆောင်ရွက်ချက်
ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ပြည်ထောင်စုအဆင့် လွှတ်တော်တွင် အမျိုးသား
(၈၇) ရာခိုင်နှုန်း၊ အမျိုးသမီး (၁၃)ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
သို့သော်မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် Gender Quota System ကိုအခြေပြုသည့် ရွေးကောက်ပွဲစနစ်
မဟုတ်သေးပါ။ သို့ဖြစ်သောကြောင့် ကျားမတန်းတူရေးအတွက် ဆောင်ရွက်မည်ဆိုပါက နိုင်ငံရေးပါတီများကို
ရွေးကောက်ပွဲ မတိုင်မီ ကာလကတည်းက ပါတီတွင်း အမျိုးသမီး အမျိုးသား အချိုးညီညီ ပါဝင်ယှဉ်ပြိုင်
စေခြင်းကို လမ်းဖွင့်ပေးခြင်းဖြင့် ဥပဒေပြုရေးတွင် ကျားမတန်းတူရေးကို ပံ့ပိုးဆောင်ရွက်
ပေးနိုင်မည် ဖြစ်ပါသည်။
ဥပဒေပြုရေးတွင် အမျိုးသမီးများ ပါဝင်လာခြင်းဖြင့်
အမျိုးသမီးရေးရာ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ နစ်နာခွင့်များကို ဖော်ထုတ်တင်ပြခွင့်
ပိုမိုရရှိလာနိုင်မည် ဖြစ်သည့်အပြင် အမျိုးသမီးများ၏ အခွင့်အရေးကို အမှန်တကယ်အခြေခံသည့်
ဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။
ထို့ပြင် အမျိုးသမီးများအတွက် နယ်ပယ်ကဏ္ဍတိုင်းတွင် ထည့်သွင်းစဉ်းစားပေးသည့် အကြောင်းရပ်များကို
သက်ဆိုင်ရာ ဥပဒေများတွင် ထည့်သွင်းစဉ်းစားနိုင်ရေးအတွက် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များကိုယ်တိုင်
တင်ပြဆွေးနွေး လာနိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိလာစေမည် ဖြစ်ပါ သည်။
ကျားမတန်းတူ
အခွင့်အရေးနှင့် ငြိမ်းချမ်းရေး
ကျွန်တော်တို့သည် မျက်မှောက်အခြေအနေတွင်
စစ်ပွဲများ အဆုံးသတ်နိုင်ရေးနှင့် ဒေသတွင်းတည်ငြိမ် အေးချမ်းမှု ရရှိစေရေးအတွက် ငြိမ်းချမ်းရေး
ကြိုးပမ်းဆောင်ရွက်ချက် ခြေလှမ်းများကို ဆောင်ရွက်နေကြ သည်ကို တွေ့မြင်ရပါသည်။ ငြိမ်းချမ်းရေးကို
စဉ်းစားပြီဆိုပါက စစ်ပွဲများ အဆုံးသတ်ရေးကို စတင်စဉ်းစားမိမည် ဖြစ်ပါသည်။ စစ်ပွဲများ၊
ပဋိပက္ခများအတွင်း ယင်းတို့၏ ဆိုးကျိုးများကို အဓိက ထိခိုက်ခံစားရသည့် သူများမှာ အမျိုးသမီးများနှင့်
ကလေးသူငယ်များ ဖြစ်ပါသည်။ သူတို့သည် လိင်ပိုင်းဆိုင်ရာ အားဖြင့်လည်းကောင်း၊ အခြားသော
အင်အားသုံး သက်ရောက်မှုများဖြင့်လည်းကောင်း အကြမ်းဖက်မှု၏ သားကောင်များ ဖြစ်သွားလာ တတ်ကြပါသည်။
အကျိုးဆက်အနေဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များသည် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ
ကို ဆိုးရွားစွာရရှိလာရပါသည်။
စစ်ပွဲများရပ်တန့်ရေး၊ ဒေသတွင်းတည်ငြိမ်းမှုနှင့်
ဒေသတွင်း ငြိမ်းချမ်းရေးတို့အတွက် စဉ်းစားကြသည့် အခါ အမျိုးသမီးများ ကလေးသူငယ်များ၏
အရေးကိစ္စသည် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည် ကိစ္စရပ် ဖြစ်လာပါသည်။ သူတို့၏ အသံကို ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားကြပါမှသာ သူတို့၏ ထိခိုက်နစ်နာမှုများနှင့်
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ဒဏ်ချက်များကို မည်ကဲ့သို့ သက်သာအောင် ဖြည်ဆည်း ပေးနိုင်မည်ကို
စဉ်းစားနိုင်မည် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် အကောင်းဆုံးသော နည်းလမ်း တစ်ခုမှာ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် နယ်ပယ်ကဏ္ဍအသီးသီ၌ အမျိုးသမီးများကို အချိုးအစား
တစ်ရပ် အနေဖြင့် ပါဝင်စေရေး ပင်ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်
အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍမှ ပါဝင်လာစေရန် လမ်းဖွင့်ပေးခြင်းဖြင့် ငြိမ်းချမ်းရေးတွင်လည်း
ကျားမတန်းတူ ရေး အတွက် အုတ်မြစ်များ ချမှတ်ပေးနိုင်မည် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို
အကောင်အထည်ဖော်ရာတွင် သက်ဆိုင်သူ ဆုံးဖြတ်ပိုင်ခွင့် ရှိသူများ အနေဖြင့် တိုင်းရင်းသားအစုအဖွဲ့များမှ
အမျိုးသမီးကိုယ်စားပြုမှုကို စနစ်တကျပါဝင်လာ စေရန် ထည့်သွင်းစဉ်းစားပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ဦးစားပေးကဏ္ဍတစ်ရပ် အနေဖြင့် အလေးထား ဆောင်ရွက်ရန် လိုအပ်လှပါသည်။ သို့မှသာ သက်ဆိုင်သူ
အားလုံးပါဝင်သည့်၊ ကျားမတန်းတူညီမျှမှုကို အခြေခံသည့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်မည်
ဖြစ်ပါသည်။
လက်ရှိအခြေအနေဖြင့် ဆက်စပ်စဉ်းစားမည်
ဆိုပါက မြန်မာနိုင်ငံသည် အစိုးရသစ်၏ မူဝါဒနှင့် အညီ ၂၁ရာစု ပင်လုံညီလာခံကြီး ကျင်းပရန်
ပြင်ဆင်နေကြသည့် အချိန် ဖြစ်သည့်အားလျော်စွာ အစုအဖွဲ့အသီးသီးမှ ကိုယ်စားပြုသည့် အမျိုးသမီးများ၏
ပူးပေါင်းပါဝင်မှုကို အားပေးမြှင့်တင်ခြင်းဖြင့် ယင်းတို့၏ ခံစားချက်၊ အကြံပြု ချက်များကို
ဂရုပြုစဉ်းစားခြင်း၊ ဆွေးနွေးကြစေခြင်းဖြင့် ကျား၊မ တန်းတူညီမျှမှုကို အခြေခံသည့် ငြိမ်းချမ်းရေး
ညီလာခံကြီး ဖြစ်စေရန် ဆောင်ရွက်သင့်ပါသည်။
လေ့ကျင့်သင်တန်းပေးခြင်းနှင့်
စွမ်းဆောင်ရည် မြှင့်တင်ခြင်း
ကျားမတန်းတူညီမျှမှုအကြောင်း ပြောကြဆိုကြပြီ
ဆိုပါက စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စသည် ဦးစား ပေး ဆွေးနွေးကြရမည့် ကိစ္စတစ်ခု ဖြစ်လာပါသည်။
ကျားမတန်းတူရေးအတွက် အစီအစဉ် အစီအမံများ ချမှတ် ရာတွင် အမျိုးသမီးများ အနေဖြင့် ကဏ္ဍအသီးသီးတွင်
ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့အား သက်ဆိုင်ရာ ကျွမ်းကျင်မှု အလိုက် အရည်အချင်းမြှင့်တင်ပေးခြင်း၊
အားနည်းချက်များကို ဝိုင်းဝန်းဖြည့်ဆည်းပေးခြင်းများ လိုအပ်လျက်ရှိနေပါသည်။ စွမ်းဆောင်ရည်ဟူသည်
အသိပညာနှင့် အတွေ့အကြုံ ပေါင်းစပ်ပေးမှသာ ဖြစ်ပေါ် လာနိုင်သည်ဖြစ်ရာ တစ်ဖက်က သက်ဆိုင်ရာ
နယ်ပယ်အလိုက်လိုအပ်သော အသိပညာ၊ ဗဟုသုတများ ဖြည့်ဆည်းပေးခြင်းနှင့် အတူ၊ အခြားတစ်ဖက်ကလည်း
လုပ်ငန်ခွင်တွင် လက်တွဲခေါ်ယူကာ၊ ဝိုင်းဝန်းကူညီကြ ရင်းဖြင့် တန်းတူညီမျှသည့် လူ့ဘောင်တစ်ရပ်
ဖြစ်စေရေးကို အလေးထားဆောင်ရွက်ရမည် ဖြစ်ပါသည်။
အမျိုးသမီးများ၏
အခန်းကဏ္ဍကို အားပေးမြှင့်တင်ခြင်း
ကမ္ဘာကြီးတွင် အမျိုးသား၊ အမျိုးသမီးများ
ယှဉ်တွဲနေထိုင်ကြသည် ဖြစ်ရာ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစရှိသည့် အရေးအရာ
ကိစ္စရပ်တိုင်းကို အမျိုးသားများနှင့် သီးသန့်သာ သက်ဆိုင်သည့် ကိစ္စအဖြစ် စဉ်စားရှုမြင်၍
မရဘဲ အမျိုးသမီးများ အပါအဝင် အခြားသော အစုအဖွဲ့အသီးသီး၏ အခြေအနေ၊ ယင်းတို့၏ အသံ၊ ရှုမြင်ချက်နှင့်
ကိုယ်စားပြုမှုများကို ပါထည့်သွင်း စဉ်းစားခြင်း၊ ၎င်းတို့၏ ပူးပေါင်းပါဝင်ကိုယ်စားပြုမှုကို
အကောင်အထည်ဖော်ခြင်းဖြင့် အမျိုးသမီး များ၏ အရေးပါမှုကို အလေးထားစဉ်းစားရန် လိုအပ်ပါသည်။
ယခုနောက်ပိုင်းတွင် ကျားမတန်းတူရေးကို
နေရာတိုင်းတွင် ထည့်သွင်းစဉ်းစားလာကြသည်ဖြစ်ရာ နယ်ပယ် အသီးသီးတွင် ကျားမရေးရာ ကိစ္စရပ်များကို
အထူးကိစ္စရပ် တစ်ခု အနေဖြင့် အလေးထား ဆောင်ရွက် ရန် လိုအပ်လာပါသည်။ Gender
Mainstreaming အနေဖြင့် နယ်ပယ်ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ အနေ ဖြင့်လည်း မူဝါဒများ
ချမှတ်ရာတွင် သော်လည်းကောင်း၊ အချိုးကျကိုယ်စားပြုမှုဆိုင်ရာ ကိစ္စရပ်များကို ဆောင် ရွက်ရာတွင်
သော်လည်းကောင်း အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ၏ ပါဝင်မှုများကို မဖြစ်မနေ
ထည့်သွင်းစဉ်းစားပေးရန် လိုအပ်လျက်ရှိနေပါသည်။
ကျွန်တော်တို့သည်
ပြောင်းလဲဖို့အချိန်တန်ပြီဟူသော ကြွေးကြော်သံနှင့်အညီ ဒီမိုကရေစီ အပြောင်းအလဲကို အဆင့်ဆင့်တက်လှမ်းနေပြီ
ဖြစ်ရာ ကျွန်တော်တို့ လူ့ဘောင် လူ့အဖွဲ့အစည်းအနေဖြင့်လည်း အမျိုးသမီးများ အပေါ်ထားရှိသော
အမြင်များလည်း ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်ပါသည်။ အမျိုးသမီးများအား အမျိုးသားများနှင့်
တန်းတူရင်ဘောင်တန်း လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ဖန်းတီးပေးခြင်းဖြင့် ကျားမတန်းတူ
ညီမျှရေးကို အခြေပြုသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများကို စတင်တက်လှမ်းကြပါစို့ဟု
တိုက် တွန်း အကြံပြုလိုက်ရပါသည်။
