Thursday, August 15, 2013

စာရေးသူ၏ အတွေးအမြင်များ (၁)

စာသားအဖြစ်ပြောင်းလဲလိုက်သော သင့်စိတ်ကူးအတွေးအမျှင်တစ်ခုသည်

ဖတ်ရှုရသော လူသားတစ်တို့အား ငြိမ်းချမ်းမှုကို ရစေပါက

သင်သည်လည်း ငြိမ်းချမ်းရေးသမား တစ်ဦးပါ

ထို့ကြောင့် ကျွန်တော်တို့ အားလုံး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်ကြသည်ဟု

အလေးအနက် ယုံကြည်ပါသည်။

Monday, August 12, 2013

ဒဂုံအရှေ့ပိုင် မြို့နယ် မထ ကျေးရွာမှ လယ်တောအိမ်ငယ်လေး Photo by Aung Naing Maw



Myanmar Parliament ( မြင့်မား ဝင့်ကြွား လွှတ်တော် အဆောက်အအုံများ )

Photo by Aung Naing Maw (Blogger)






{ဖော်ပြပါ ပုံများသည် Blogger ကိုယ်တိုင် ရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်ပါသည်။ တစ်ဆင့် ပြန်လည် ကူးယူဖော်ပြ လိုပါက Blogger ၏အမည်ဖြင့် ပြန်လည် ကိုးကား ဖော်ပြနိုင်ပါသည်ခင်ဗျာ။}

Sunday, August 11, 2013

၈လေးလုံး အထိမ်းအမှတ် ပြပွဲ အမှတ်တရ (၁)




၈ လေးလုံး အရေးတော်ပုံ အတွင်း ဆောင်သြ
 ဆွေးနွေးမှု ပြုလုပ်နေသည့် မှတ်တမ်း
၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား
သို့ ကြွရောက်လာသူ ပရိတ်သတ်များ အား Myanmar Convention Center အဝင်တွင်
 တွေ့မြင် ရသော မြင်ကွင်း



၈ လေးလုံးအရေးတော်ပုံ ငွေရတု အခမ်းအနား

၈ လေးလုံးအရေးတော်ပုံ အထမ်းအမှတ် ဓာတ်ပုံ ပြပွဲ


၈ လေးလုံးအရေးတော်ပုံ အထမ်းအမှတ် ဓာတ်ပုံ ပြပွဲ

Friday, August 9, 2013

သဘာဝပတ်ဝန်းကျင်

       မြန်မာနိုင်ငံသည် သဘာဝသံယံဇာတများ ကိုမှီခို အားထားနေရသော နိုင်ငံဖြစ်သည့်အတွက် သဘာဝ သံယံဇာများမည်မျှရှိသည် ဟူသည့်ကို စနစ်တကျလေ့လာရန်နှင့် မည်သို့ နောက်မျိုးဆက် များ အတွက် အကျိုးရှိအောင် ကွပ်ကဲမည်ဆိုသည်ကို လေ့လာထားရန် လိုအပ်ပါကြောင်း အသိပေး တင်ပြ အပ်ပါသည်။
Public Critic အယ်ဒီတာ အဖွဲ့

သန်းခြောက်ဆယ်အတွက်ရေးတဲ့စာ (နိုင်မော်)




ကျွန်တော်တို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို စတင်လှမ်းကတည်းကိုက အပြောင်းအလဲ အမျိုးမျိုးကို ကြုံတွေ့ခဲ့ ရသည်ကို အားလုံးသိကြလိမ့်မည်ထင်ပါသည်။ ထူးခြားကောင်းမွန်သော နိုင်ငံရေး အပြောင်းအလဲများ၊ ဆိုးရွားသော လူမှုရေး အပြောင်းအလဲများသည် ထင်ရှားလှသော အပြောင်းအလဲများဖြစ်သည်။ ထူးခြားကောင်း မွန်သော အပြောင်းအလဲများ အနေဖြင့် အတိုက်အခံ အင်အားစုများ နိုင်ငံရေးဖြစ်စဉ် အတွင်းသို့ အသွင် အမျိုးမျိုးဖြင့် ဝင်ရောက်လာခြင်းများ၊ အစိုးရနှင့်တိုင်းရင်းသားလူမျိုးစုများ အကြားငြိမ်းချမ်းရေး ခြေလှမ်သစ်များ၊ နိုင်ငံတကာမှ ဖြေလျှော့ပေးလိုက်သော စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ မီဒီယာ သတင်းလွတ်လပ်ခွင့် ပြုပေးခြင်းများ ရှိသည်။ အခြားတစ်ဘက်တွင် နိုင်ငံအတွင်းရှိသော မတူညီသော လူများအကြား ဖြစ်ပေါ်လာသော ပဋိပက္ခ ဖြေရှင်းမှု ပုံစံသစ်များ ဟုပြောရလျှင်မမှားပါ။ လတ်တလော ကိစ္စများကို ပြန်လည် သုံးသပ်ကြည့် ပါလျှင် မတ်လအတွင်းက ဖြစ်ပွားခဲ့သော မိတ္ထီလာပဋိပက္ခ၊ အဆိုပါ ပဋိပက္ခ နောက်ပိုင်းဖြစ် ခဲ့ သော လက်ပံတန်းမြို့နယ်တင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များ၊ မကြာသေးမီက ဖြစ်ပွားခဲ့သော ဥက္ကံမြို့ တွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ ကိစ္စရပ်များသည် မည်သည့် ဂယက်ကြောင့် ဖြစ်ပေါ်ခဲ့သည်ကို ပြန်လည်သုံးသပ်ပါက ၂၀၁၂ခုနှစ် မတ်လက ဖြစ်ပွားခဲ့သော ရခိုင် ပြည်နယ် အတွင်းက ရခိုင်နှင့် ဘင်္ဂါလီ လူမျိုးများ အကြားတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်ဟု ဆိုရမည်ဖြစ်ပါ သည်။
          အဆိုပါ ပဋိပက္ခများသည် သက်ဆိုင်ရာ အကျိုးစီးပွားရှင် အသီးသီး အတိတ်ကာလဆီက သင်ယူု ရရှိခဲ့ သော တစ်ဆင့်စကား တစ်ဆင့်နားမှ သိလာရသော အငြိုးများ၊ အတွေ့အကြုံများသည် အချိန်ကာလတစ်ခုတွင် တိုက်ဆိုင်စွာ ပေါက်ကွဲထွက်လာသည်ကြောင့် ဖြစ်လာရပေသည်။ အလားတူ အဓိကရုဏ်များသည် ကိုလိုနီ ခေတ်ကာလ ကတည်းက စတင်ခဲ့သည်ဟုဆိုနိုင်ပါသည်။ ထို့နောက်ဆက်လက်၍ လွတ်လပ်ရေး ရပြီးခါစမှ စတင်ပြီး အခါအားလျော်စွာ ဖြစ်ပေါ်လာခဲ့သည် မှယနေ့ထက်တိုင်ဖြစ်ပါသည်။ အဆိုပါ ပဋိပက္ခများ ကိုကြည့် လျှင် အသေးအမွှား ပြဿနာတစ်ခုကို တရားဥပဒေကြောင်းအရ မဖြေရှင်းဘဲ ရာဇဝတ်မှုကို အခွင့်ကောင်းယူ ကာ လူမျိုးရေး ပဋိပက္ခသို့ ဦးတည်လာလေ့ရှိသည်ကို တွေ့ရလေ့ရှိပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက ကချင်၊ ကယား၊ ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်းစသော တိုင်းရင်းသားလူမျိုးများ၊ အိမ်နီး ချင်း နိုင်ငံများရှိ လူမျိုးများနှင့် ဆက်နွယ်သော မြန်မာနွယ်ဖွား မြန်မာနိုင်ငံသားများ အတူယှဉ်တွဲ နေထိုင်နေ သည့် နိုင်ငံတစ်ခုဖြစ်သည်။ ထိုသို့ဖြစ်သည့်အတွက် တစ်စုနှင့်တစ်စု ယုံကြည်မှု၊ ဓလေ့ထုံးစံများလည်း အရောင်အသွေးစုံလှပါသည်။ အရောင်အသွေးစုံလင်သော ကျွန်တော်တို့မြန်မာနိုင်ငံလိုနိုင်ငံမျိုးအတွက် အချင်း ချင်း မတူညီမှုများကို နားလည်လက်ခံပေး နိုင်ရေးသည် အလွန်တရာ အရေးကြီးသော မဖြစ်မနေ အလေးထား ဖို့ လိုအပ်သော ကိစ္စတစ်ခုဖြစ်ပါသည်။
          လူ့အဖွဲ့အစည်း လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း ဟူသည်မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား ခြင်း ၊ ယုံကြည်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု ရှိမှသာ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး ဒီမိုကရေစီ နည်းလမ်းအရ ငြိမ်းချမ်း စွာ စုပေါင်းဆွေးနွေး အဖြေရှာ နိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်တော် တို့ လူ့အဖွဲ့အစည်းသည် ဒီမိုကရေစီ တန်ဖိုးများနှင့် ယှဉ်တွဲဖြစ်ပေါ်နေမည့် ဒီမုကိကရက်တစ် လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ယခုဖြစ်ပေါ်လာသော အဓိကရုဏ်များကို ကြည့်လျှင် ထူးခြားချက်တစ်ခုမှာ မီးရှို့ဖျက်ဆီးခြင်းများကို တွေ့မြင်နေရပါသည်။ အထက်ကပြောကြားခဲ့သည့် အတိုင်း အရောင်အသွေးမတူသော ပြည်သူများ အကြား ထိုကဲ့သို့ သော ပဋိပက္ခ ဖြေရှင်းမှုပုံစံများသည် အလေ့အထအဖြစ်အကျင့်ပါ မသွားရေးသည် မဖြစ်မနေ လိုအပ်သော ကိစ္စရပ်တစ်ခုပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့အနေဖြင့် အဆိုပါ အမွေဆိုး ကို မျိုးဆက်များအတွက် ထားခဲ့ပါက နောင်ရာစုနှစ်အတွင်း မည်ကဲ့သို့ဖြစ်မည်ကိုပင် မျှော်မတွေးနိုင်အောင် ရှိပါ တော့သည်။
ယခုအချိန်ကာလသည် နိုင်ငံသားများ အနေဖြင့် နိုင်ငံရေး ဖြစ်စဉ်အတွင်း ပါဝင်လာပြီဖြစ်သည်။ သို့ရာတွင် မည်သည့်နေရာမှ မည်သို့ပါဝင်ရမည်ကို ဝေခွဲမရသည့် အချိန်လည်းဖြစ်သည်။ ထိုသို့သော အခြေအနေတွင် သက်ဆိုင်သူအသီးသီး ပြောလေ့ရှိသောစကားမှာ အကြောက်တရားမှ ကင်းဝေးရေးဖြစ်သည်။ မှန်ပါသည် အာဏာရှင်လက်အောက်တွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့ရ၍ မိမိတို့တွင် အာဏာရှိသူများကို မပြောရဲ မဆိုရဲနှင့် အကြောက်တရား လွှမ်းမိုးမှုရှိရာ ကွန်ဖြူးရှပ်ပြောသလို၊ “…..ဖြစ်ဖြစ်……..ဖြစ်ဖြစ်…….ရဖို့က အဓိက” ထားပါက မျက်ကန်းတစ္ဆေမကြောက် သဘောဟူသည့် အခြားတစ်ဖက်စွန်းသို့ ရောက်သွားမည် ဖြစ်ပါသည်။ ယခုလည်း အဆိုပါ ဂယက်ကို ကြုံတွေ့နေရသည်။ ကျွန်တော်တို့သည် ကမ္ဘာကြီးနှင့် နှစ်ပေါင်းများစွာ အဆက်ပြတ်ခဲ့သည့်အတွက် နိုင်ငံ၏ စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အမျိုးမျိုးအဖုံဖုံသည် ခေတ်နှင့်အညီ ပြောင်းလဲလာသော ဆက်သွယ်ရေးနည်းပညာကို လိုက်မမီနိုင်အောင် ရှိနေရာ နေ့စဉ်နှင့် အမျှ သက်ဆိုင် သူများက မိမိတို့၏ အမှုကိစ္စ အဖုံဖုံကို အင်တာနက် ကွန်ယက်မှ တစ်ဆင့် ပို့ဆောင်ကြလေသည်။ သို့ဖြစ်ရာ အဆိုပါ ပြဿနာများ၊ မတရားမှုများက ပြည်သူများအကြား အမုန်းတရားကို ပွားသထက်ပွား လာသည်။ တစ်ဖက်တွင် ပြုပြင်ပြောင်းလဲမှုနှင့် စီမံခန့်ခွဲမှုကို အချိန်မီ မစီမံနိုင်ခြင်းက အစိုးရအနေဖြင့် ပြည်သူ များ၏ ရင်တွင်းမှဖြစ်ပေါ်လာသော အမုန်းမီးများကို ဖြေရှင်းနိုင်မည့် ပြည်သူ့ရေးရာ မူဝါဒ(ဆေးနည်း)နှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု (ဆေးဝါး) တို့ကို မပေးနိုင်တော့ဘဲ မငြိမ်းသာ အဓိကရုဏ်းမီးများ ပေါက်ပွားလာရပါသည်။
ထို့အတွက်ကြောင့် ပြည်သူသန်းခြောက်ဆယ်လုံး ကျန်းမာပျော်ရွှင်စွာ ဒီမိုကရက်တစ်လူ့ဘောင်သို့ ချီတက်လိုပါက သန်းခြောက်ဆယ်လုံး၏ အရေးအတွက် အထက်ပါ ကိစ္စများကို ရှုမြင်သုံးသပ်နိုင်စေရန် တင်ပြလိုက်ရပါသည်။

Sunday, August 4, 2013

ပြည်သူတို့၏ ဒုက္ခ (ကဗျာ)

http://www.perceptivetravel.com/issues/1109/myanmar.html

(ကျွန်တော်ရှုမြင်မိသော ပြည်သူများ၏ ဘဝကို စာနာစဉ်းစားရာမှ ထွက်ပေါ်လာသော လင်္ကာအပိုင်းအစများကို စည်းတင်ဆက် ဖော်ပြပေးအပ်ပါသည်)

http://cj.my

ပြည်သူတို့၏ ဒုက္ခ

********************

" တိုင်းကားပြည်ရွာ၊ မြန်မာရွှေပြည်ကား

ကျွန်သပေါက်ဘဝ၊ လွတ်ချိန်ကတည်းက

မင်းအဆက်ဆက်၊ တစ်ယောက်ဆင်းတစ်ယောက်တက်

ပြောင်းခဲ့သည်မှာ နှစ်၆၀ကျော်တိုင်ခဲ့ပြီ။

 

 သို့ပါသော်လည်း

 ပြောင်းသာပြောင်းခဲ့၊ ညောင်းခဲ့သော်လည်း

ပြည်သူ့ဘဏ္ဍာ၊ ပြည်ရတနာကား

ပိန်းကြာဖက်ပေါ် ရေမတင်သို့

ဘယ်ဆီဘယ်ဝယ်မြန်လေးသနည်း။

 

ပြည်သူ့အတွက်ခေါင်းစဉ်တပ်၍ ထုတ်ယူကာသွား

ပြည့်ဘဏ္ဍာများ ဘယ်အရပ်သို့ရောက်လေသနည်း။

 

ကိုယ်ကျိုးအမြတ်ထုပ် လူတစ်စုကြောင့်

တောတောင်မြစ်ဖျား သံယံဇာတများ

ပျောက်ဆုံးလွင့်ပါး သွားလေပြီ။

 

ရှေ့နောက်ဝဲယာ လေညာအထက်

အရပ်ရပ်မှ ပြည်သူပြည်သား လူအများတို့၊

လင်ဆိုးမယားတစ်ဖားဖားသို့.....

သားဆိုအမေတစ်ပေပေသို့.....

ရောက်မှန်းမသိ ရောက်ရပြီ။

 

မြန်မာပြည်သား လူအများတို့

လောကဓံကို ကြံ့ကြံ့ခံ၍

မျက်ရည်ဆက်လက် ငိုချင်းဆက်သည်၊

သောကနှလုံး မငြိမ်းတည်း။

 

ထိုသို့ဖြစ်လာ ကံကြမ္မာကြောင့်

ပြည်သူပြည်သား တို့ပြည်သားများ

အာဏာဝေစား ငရဲသားများ၏

ဂွင်ဆင်ဖန်ဆင်း စီမံခြင်းအောက်

ပြားပြားမှောက်လျက် မဟာဒုက္ခတွင်းဆုံးကျသည်

နင်းပြားဘဝ ရောက်လေသတည်း။ "


http://www.flickr.com/photos/christianaidimages/5706475853/

 


Wednesday, June 19, 2013

မှတစ်ပါးအခြားမရှိ



(ဤဆောင်းပါးသည်မြန်မာ့ခေတ် အွန်လိုင်းဘလော့တွင် ဖော်ပြခဲ့သော ကျွန်တော့်၏ ဆောင်းပါးဖြစ်ပါသည် ကျွန်တော့်၏ဘလော့ ပရိတ်သတ်များအား ပြန်လည်တင်ပြပေးလိုက်ပါသည်)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံတကာတွင် သော်လည်းကောင်း၊ ပြည်သူများအကြား၌ ချီးကျူးရလောက်သော အခြေအနေကို ကြုံတွေ့ခဲ့ရသည်။ ထိုကဲ့သို့သော အခြေအနေသည် မြန်မာနိုင်ငံ သမိုင်း ကြောင်းတွင် အံ့သြလောက်သည့် ရွှေလမ်းငွေလမ်းခင်းသည့် ကာလဟုပင် ဆိုရလောက်သည်။
သို့ရာတွင် ပြုပြင်ပြောင်းလဲမှုသည် မည်မျှအထိ ခရီးရောက်နေပြီလဲ၊ ပြုပြင်ပြောင်းလဲမှုသည် အမှန် တရား ဖြစ်သည်လား ဟူသည့် ကိစ္စသည် သက်ဆိုင်သူများ ကသာ အသိဆုံး ဖြစ်ပါလိမ့်မည်။ သို့ရာတွင် လုံးဝ မလွဲနိုင်သည့် အချက်များ မြန်မာနိုင်ငံ သည် ပြုပြင်ပြောင်းလဲရေး အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွင်း ခက်ခဲစွာ ရုန်းကန် နေရ ဆဲ ဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်သည်။
အားနည်းချက်များ ရှိနေသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ အချုပ်အခြာ အာဏာရှိမရှိ ဟူသည့် ကိစ္စ၊ အားလုံးအကြား မတူညီကွဲပြားမှုဖြင့် သဘောထား ကွဲလွဲမှု ရှိနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားများအကြား ငြိမ်ချမ်းရေး ကြိုးပမ်းမှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝများနှင့် ထိပ်တိုက်တွေ့လာသော နိုင်ငံတော်စီမံကိန်းများ၊ အားကောင်းမောင်းသန် မရှိသေးသည့် တရားဥပဒေစိုးမိုးရေး နှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ အမျိုးသားရေး ပြဿနာရပ်များ အစိုးရ ဝန်ထမ်းများအကြား အမြစ်တွယ် နေ သော အကျင့်ပျက် ခြားစားလာဘ်ပေး လာဘ်ယူပြုမှုများ စသည်ဖြင့် မပြီးပြတ်သေးသည့် ပြဿနရပ်များက ဒုနဲ့ဒေး ရှိနေဆဲပင် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် နိုင်ငံရေးအတွက်လည်း တစ်ပြိုင်နက်တည်း ရုန်းကန် နေရပြန်သည်။ ပါတီများအကြား ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှုများ၊ ပြိုင်ဆိုင်မှုများ ရှိနေသည်။ အာဏာ အတွက် ပြိုင်ဆိုင်မှု ခြေလှမ်းများတွေ့လာရသည်။ နိုင်ငံရေးအတွက် လုပ်ဆောင်နေသည်ဟုဆိုသော်ငြားလည်း အဆိုပါ ပြုပြင်ပြောင်းလဲမှု သည် နိုင်ငံတော်တည်ဆောက်ရေးအတွက်လော၊ မိမိတို့ ဂုဏ်သိက္ခာကို တည်ဆောက် ရေးအတွက်လော ဟူသည်မှာ စဉ်းစားစရာ ကောင်းလှသည် ပဟေဠိ သဖွယ်ဖြစ်နေ ပါသည်။ မြန်မာနိုင်ငံရေး ဇာတ်ခုံ ပေါ်တွင် အဓိကနေရာမှ ပါဝင်၍ တက်ကြွစွာ ဆောင်ရွက်သည်ဟု ယူဆရသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့၏ ရပ်တည်ချက်များနှင့် ဆောင်ရွက်ချက် များသည်လည်း ဂရုပြုသင့်သည့် အချက်များပင်ဖြစ်သည်။
လက်ရှိနိုင်ငံရေး ဇာတ်ခုံပေါ်တွင် ကပြဆောင်ရွက်နေသူများ အနေဖြင့် အချို့ဆိုလျှင် မိမိတို့၏ လုပ်ရပ်များဖြင့် နှစ်ပေါင်းများစွာက ကျဆင်းခဲ့သော ဂုဏ်သိက္ခာ များကို သူတို့၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များဖြင့် အဖတ်ပြန်ဆည် နိုင်ခဲ့ပြီ ဟုပင် ဆိုနိုင်သည်။ သို့ရာတွင် အဆိုပါ နိုင်ငံ့ခေါင်းဆောင်များ အနေဖြင့် မည်သည့် အတိုင်းအတာ အထိ ပြုပြင်ပြောင်းလဲမှုလုပ်ရန် ရည်ရွယ်ထားပါသနည်းဟူသည့် ကိစ္စသည် ကျွန်တော်တို့ တကယ်တမ်းလက်တွေ့ စဉ်းစာရမည့် ကိစ္စဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲမှုဟူသည့် ကိစ္စ၊ ပြည်သူ့ ကိုယ်စားပြုအစိုးရ ဖြစ်ရမည့်ကိစ္စ၊ ပြည်သူ့ တပ်မတော်အဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရေးကိစ္စ၊ အားကောင်းပြီး အမြော်အမြင် ရှိသော အတိုက်အခံအဖြစ် အခိုင်အမာ ရပ်တည်ရေးကိစ္စ၊ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ်စေရေး ဟူသည့်ကိစ္စတို့သည် အိပ်မက်မက်နေရုံ၊ စကားလုံးများဖြင့် ရှင်သန်နေရုံဖြင့် ရရှိလာနိုင်မည့်ကိစ္စများ မဟုတ်ပါ။ အဆိုပါကိစ္စရပ်များသည် လုပ်ဆောင် နေသူများ ကိုယ်တိုင်ကသော်လည်း ကောင်း၊ လိုက်ပါဆောင်ရွက်ရမည့် သူများ အနေဖြင့် သော်လည်းကောင်း အမှန်တရား ဘက်မှရပ်တည်ပြီး အခြေအနေမှန်ကို ထဲထဲဝင်ဝင် ဝေဖန် သုံးသပ်ရမည့်ကိစ္စများဖြစ်သည်။
နိုင်ငံနှင့် အဝှန်းဖြစ်ပေါ်သော မြေယာအသိမ်းခံရမှု ကိစ္စရပ်များ၊ လစ်လျှင် လစ်သလို ခေါင်းထောင်ထောင် လာတတ်သော ဘာသာရေး၊ လူမျိုးရေး အခြေပြု အဓိကရုဏ်းများ၊ ဒေသတွင် ပြည်သူများ အချင်းချင်းငြိမ်းချမ်းစွာအတူ ယှဉ်တွဲနိုင်ရေး အခက်အခဲ ဖြစ်နေသည့် ကိစ္စရပ်များကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် တွင် အရိပ်သဖွယ် ယှဉ်တွဲကပ်ပါလာလျက် ရှိပါသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံသားများအားလုံးမျှော်လင့်သည့် ဒီမိုကရေစီ အပြောင်း အလဲများ မိမိတို့ အောက်ခြေပြည်သူများထံ ဘယ်အချိန်တွင် ရပါလိမ့်မည် ဟူသော တွေးပူနေရသည့် ကိစ္စရပ်များကလည်း ရှိနေပြန်သည်။ ကျွန်တော်တို့ ပြည်သူ များသည် မိမိယုံမိပြီ ဆိုပါက အဆိုပါလူများအပေါ် ခေါင်းဆောင်အနေဖြင့် ယုံကြည်မှုပေး တတ်ကြပါသည်။ တစ်ဖန် မိမိတို့က ယုံကြည်မှုပေးသလောက် သက်ဆိုင်သူများက ယုံကြည်မှု ပြန်မပေးနိုင်ခဲ့လျှင်သို့မဟုတ် မိမိတို့မေတ္တာထားသလောက် မေတ္တာပြန် မရခဲ့လျှင် ဖြစ်ပေါ်လာမည့် ယုံကြည်မှု ပျက်ယွင်းမှု၏ သက်ရောက်မှုကလည်း အားကြီးပြီး အဆုံးအစွန် စိတ်ပျက်လက်ပျက်ဖြစ်ရသည့် အခြေအနေမျိုး အဖြစ်လည်း ပြန်ဖြစ်သွား တတ်သည်ကိုလည်း အထူးသတိပြုဖို့လိုပါသည်။
လက်ရှိခေါင်းဆောင်များအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အစတွင် အားလုံးက ယုံကြည်နိုင် လောက်အောင် လက်တွဲနိုင်မှုများကို တွေ့ရပါသည်။ သို့ရာတွင် ယခုလက်ရှိ နှစ်နှစ်ကျော်ကာလအတွင်း အဆိုပါ ခေါင်းဆောင်မှုများ၏ တစ်ဦးနှင့် တစ်ဦးလက်တွဲမှု အပေါ် သံသယများရှိလာသည်ဟု သုံးသပ်ရပါသည်။ အဆိုပါ သံသယမှ တစ်ဆင့် နိုင်ငံ့အပြောင်းအလဲအတွက် တကယ်ဖြစ်လာပါမည်လောဟု တွေးပူမိလာ ရသည်။ တစ်ဦးနှင့်တစ်ဦးလူရှေ့တွင် ဟန်ဆောင်ပြပြီး နောက်ကွယ်တွင်တစ်ဦးနှင့် တစ်ဦးပြိုင်နေကြခြင်းလောဟူသည့် ကိစ္စမှာလည်း ပဟေဠိသဖွယ်ဖြစ်နေပြန်ပါသည်။
နောက်တစ်ခု ထပ်မံစဉ်းစားဖွယ်ရှိသည်မှာ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ ဖြစ်သည်။ ယခုလက်ရှိရှိနေ သောမည်သည့် နိုင်ငံရေးပါတီပင်ဖြစ်စေကာမူ အာဏာရှင် ခေတ်ကာလအတွင်း ဒီမိုကရေစီရေး အတွက်မရုန်းကန်ဘဲနေသည့် ပါတီဟူ၍ တစ်ခုတစ်လေလောက်သာရှိမည်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ မြန်မာ့ဒီမိုကရေစီ အရေး ကြိုးပမ်းမှု နှစ်နှစ်ဆယ်ကာလအတွင်းတွင် နိုင်ငံရေးပါတီများရှိပါတီဝင်များသည် အခက် အခဲ မျိုးစုံနှင့် ရင်ဆိုင်ပြီး မိမိတို့အားလုံး၏ ဘုံတူညီချက်အတွက် ကြိုးစားခဲ့ကြသည် ချည်းပင်ဖြစ်ပါသည်။ အဆိုပါလူများ အနေဖြင့် အံ့သြဖွယ်ကောင်းလောက်အောင် အပြုသဘောဆောင်စွာဖြင့် ယခင်က ရန်သူဖြစ်ခဲ့ ဖူးသောသူများ အပေါ်ကောင်းစွာ အပြုသဘောဆောင်ပြီး နားလည်မှုပေးနိုင်ခဲ့ပါသည်။ အဆိုပါဆောင်ရွက်ချက် ကများစွာလေးစားမှုကောင်းပါသည်။ နိုင်ငံ၏ နှစ်နှစ်တာ ကာလအတွင် မတူတာဖယ်ပြီး တူတာကိုဝိုင်းလုပ်ခဲ့ကြ သည်။ မတူသော အဖွဲ့အစည်းများ အချင်းချင်း လက်တွဲနိုင်ခဲ့ကြသည်။ ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည်။ လွှတ်တော် အတွင်းတွင် လည်းကောင်း လွှတ်တော်ပြင်ပတွင်သော်လည်းကောင်း ကောင်းစွာအလုပ်လုပ်နိုင်ခဲ့ကြပုံ ပေါ်သည်။
သို့ရာတွင် မိမိတို့အနေဖြင့် မိမိတို့ လျှောက်လှမ်းရမည့် ဦးတည်ချက်များ အတွက်လည်း မေ့လျော့နေ၍ မရပါ။ မဖြစ်မနေမမေ့လျော့သင့်သည့်အချက်နှင့် ထပ်ခါ တစ်လဲလဲ မမေ့လျော့သင့်သည့် အချက်မှာ မြန်မာနိုင်ငံ သည် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဖော်ထုတ်ခွင့်၊ ပြည်သူများ၏ပိုင်ဆိုင်ခွင့်၊ နိုင်ငံတော်၏ အာဏာ ခွဲဝေကျင့်သုံးခြင်း၊ ဆုံးဖြတ်ချက်များသည် တစ်စုံတစ်ဦး၏လောင်းရိပ်အောက်တွင်ရှိခြင်း၊ မျှတသော တရား ဥပဒေ စနစ် ပြီးပြည့်စုံအောင် အကောင်အထည် မဖော်နိုင်သေးခြင်း များလည်း ရှိနေပါသေးသည်။
ဤသို့သော အခြေအနေတွင် သက်ဆိုင်သူများ အနေဖြင့် မည်သူပင်ဖြစ်စေကာမူ မိမိတို့ကိုယ်ကျိုး စီးပွား တစ်စုံတစ်ရာအတွက် ပြုပြင်ပြောင်း လဲရေးဖြစ်စဉ်ကို အသုံးချခဲ့လျှင် မိမိနိုင်ငံ၏ ရှေ့ရေးအတွက် အလွန် တရာ စိုးရိမ်စရာ ကောင်းလှပါသည်။ မိမိတို့စေတနာမှန်လျှင် မိမိတို့ နောက်မျိုးဆက်များအတွက် အကျိုး ရှိပြီး ရေရှည်မကြည့်ပဲ စေတနာမမှန် ဟန်ပြလုပ်ဆောင်ခဲ့လျှင် ကိုယ်ပြုသည့်ကံ ကိုယ်သာခံကြရမည်ဖြစ် ပါသည်။
ယခုအချိန်တွင် သမ္မတဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်း စုကြည်ပဲဖြစ်ဖြစ်၊ မည်သည့်နိုင်ငံရေးပါတီ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင် ရွက်သည့် မည်သူမဆို ပြည်သူများ၏ အခွင့်အရေး၊ ရပ်တည်ချက်နှင့် တိုင်းပြည်၏ ဒီမိုကရေစီရေးအတွက် အကြွင်းမဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းသည်သာ နိုင်ငံ၏အနာဂတ်ခရီးကို အဆုံးဖြတ်ပေးပါလိမ့်မည်။
ကျွန်တော်တို့နိုင်ငံသည် ပထမအစိုးရသက်တမ်းပြီးနောက်ထပ်သက်တမ်းအတွက် အစိုးရသစ်၊ လွှတ်တော်သစ်ဖြင့် နိုင်ငံရေးအခင်းအကျင်းကိုအစားထိုးရန် နှစ်နှစ်ဝန်းကျင် သာ ရှိတော့သည်။ ယခုအခြေအနေတွင် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ဘယ်အရာ ကို ဦးစားပေးလုပ်ဆောင်ပါမည်လဲ။ နိုင်ငံ့အရေးလော၊ မိမိတို့အရေးလော။ ယခုလက်ရှိ လေ့လာသုံးသပ်သူများက  ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရ ခဲ့သလို ၂၀၁၅တွင်ရော ထိုကဲ့သို့ဖြစ်လာမည်ဟု ကောက်ချက်ချသည်။ အဆိုပါ အကောက်အယူအပေါ် အခြေပြု၍ လက်ရှိ နိုင်ငံရေးတွင်ပါဝင် ဆောင်ရွက် နေသော သက်ဆိုင်သူများ၊ နိုင်ငံရေး ပါတီများကလည်း ကျီးလန့်အစာစား ဖြစ်နေသယောင် ခန့်မှန်းရသည်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုလျှင် အဆိုပါအခြေအနေကို ချိုးဖြတ်ရန် ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင်ပြီး ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ရန် ကြိုးပမ်းနေသယောင် ရိပ်စားမိနေရသည်။ အဆိုပါ ကိစ္စသည်ရော မည်သို့ဦး တည်ပါသနည်း။ အဆိုပါကိစ္စသည် ကျွန်တော်တို့နိုင်ငံသားများအကြား မည်သို့တွေးခေါ် ကြပါမည်လဲ၊ သက်ဆိုင် သူများအကြား ဝိဝါဒကွဲပြားစေမည့်ကိစ္စဖြစ်သည်။ အဆိုပါကိစ္စ၏ ရလာဒ် မည်သို့ရှိမည်ဆိုသည်မှာလည်း ပဟေဠိသဖွယ်ဖြစ်နေပြန်သည်။ မည်သည်ကို ဦးတည်သည်ကမူ သက်ဆိုင်သူများသာ အသိဆုံးဖြစ်ပါလိမ့်မည်။
နိုင်ငံရေးဖြစ်စဉ်တွင် ဝင်ရောက်ပါဝင် ဆောင်ရွက်နေသော သက်ဆိုင်သူများအနေဖြင့် မိမိတို့အနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စကို အခြားသော အမှောင့်ပရောဂများကြောင့် ဝေဝါးမသွားရေး၊ စည်းလုံးမှု မပြိုကွဲပဲ လက်တွဲ ဆောင်ရွက်သွားရေးသည် အလွန်အရေးကြီးပါသည်။ ယခုလက်ရှိတွင် ထို့ထက် အရေးကြီးသော သန်းခြောက်ဆယ်သော ပြည်သူများအတွက် ဆောင်ရွက်ပေးရန် ရပ်တည်ပေးရန် အရေးအရာများစွာ ကျန်ပါသေးသည်။ တကယ်တမ်းပြောရလျှင် ၂၀၁၅အတွက် အဖြေသည် ရွေးကောက်ပွဲစနစ် အပေါ်မူမတည်ဘဲ ပြည်သူတွေအတွက် ကိုယ်ဘာလုပ်ပေးခဲ့သလဲ၊ ဘာတွေဖြည့်ဆည်းပေးခဲ့ သလဲဟူသည့် ဆောင်ရွက်ချက် အပေါ်တွင်မူတည်ပါလိမ့်မည်။
ပြည်သူများ အမှန်တကယ်လိုအပ်သည်မှာ action (လုပ်ဆောင်ချက်) မိမိတို့၏ ခံစားနေရသော လူမှု-စီးပွား စိတ်ဝေဒနာအပေါ် မည်သို့သက်သာအောင် လုပ်ဆောင်ပေး နိုင်ပါသနည်း၊ မိမိတို့၏ နာကျင်မှုများ၊ နစ်နာ မှုများကို မည်သူက ဆောင်ကြဉ်းပေးပါမည် နည်း ဟူသော မျှော်လင့်ချက်ကိုယ်စီ၊ အိပ်မက်ကိုယ်စီ ရှိကြလိမ့်မည် သာဖြစ်ပါသည်။ မည်သို့ပင်ပြင်ဆင်တားဆီးစေကာမူ စေတနာမှန်သူ အောင်ပွဲယူမည်သာဖြစ်ပါသည်။
နောက်ထပ်အရေးကြီးသည့် အချက်မှာ ဇာတ်မင်းသား မလုပ်ရ၍ ပတ်မကြီး ဖောက်ပစ်သည့်အလုပ်မျိုးသည်လည်း မဖြစ်သင့်ပါ။ ယခုအချိန်တွင် မည်သူပင်ဖြစ်ဖြစ် အဓိက မမေ့စေလိုသည့် အချက်မှာ ပူးပေါင်းဆောင်ရွက်ရေးပင်ဖြစ်ပါသည်။ မိမိအသာရလိုစိတ်ဖြင့် တစ်ပါးသူ အားနည်းစေရန်၊ ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီ စံနှုန်း၊ တန်ဖိုးများနှင့်လည်း ညီညွတ်မှုမရှိကြောင်း အသိပေးလိုပါသည်။
ယခုလက်ရှိတွင် တပ်မတော်ပဲဖြစ်ဖြစ်၊ အစိုးရ၊ ကြံ့ခိုင်ရေးပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ အခြားသော နိုင်ငံရေးမည်သည့်ပါတီမဆို၊ မည်သို့သော အရပ်ဖက် အဖွဲ့အစည်း မဆို၊ မည်သို့သော ပညာရှင်မဆို၊ မည်သို့သော အရာရှိကြီးပင်ဖြစ်စေကာမူ၊ ယခင်ဆိုးမွေ များ၊ စနစ်ဆိုးများ၏ လောင်းရိပ်အောက်မှထွက်ကာ နိုင်ငံ၏ ဒီမိုကရေစီအရေးအတွက် ပြည်သူ့ဘက်မှ ရပ်တည်ဆောင်ရွက်သင့်ပါသည်။ ရှေ့ကသွားလေသူများက မည်သို့ပင် စီမံပုံဖော်ခဲ့သည်ဖြစ်စေကာမူ နိုင်ငံရေးကို ဆက်လက်သယ်ပိုး ဆောင်ရွက်ရမည့် သူများမှာ မိမိတို့ကိုယ်တိုင်ပင်ဖြစ်ပါသည်။ အထက်ပါပြောခဲ့သည့် အတိုင်း၊ လူပုဂ္ဂိုလ် အမျိုးမျိုး အဖွဲ့အစည်းအမျိုးမျိုးသည် လောင်းရိပ်အောက်မှ မဖြစ်မနေထွက်ဖို့ လိုပါပြီ၊ ပူးပေါင်း ဆောင်ရွက်ရမည့် အချိန်ရောက်ပါပြီ၊ ထိုသို့မဟုတ်ပါက ရေရှည်တည်တံ့သော ဒီမိုကရေစီနိုင်ငံဖြစ်ရေး ဟူသည့်ကိစ္စသည် ပျောက်လိုက်ပေါ်လိုက်နှင့် လုံးလည်ခြာလည် ဖြစ်ရင်း အဆိုးကျော့သံသရာထဲမှ မထွက်နိုင်ပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်ဇင်မာ အောင် ပြောခဲ့သည့် အတိုင်း ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များသည် စက်ဝိုင်းထဲတွင်မှာလည်နေရင်း ရှေ့ဆက်တက်နိုင်မည် မဟုတ်ကြောင်းနှင့် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းမှ လွဲ၍ အခြားသောနည်းဖြင့် မြန်မာနိုင်ငံ နောက်ကြောင်း ပြန်မလှည့်ရေး ကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း မြန်မာ့အရေးအတွက် အသိပေးတင်ပြ လိုက်ရပါသည်။

Tuesday, June 18, 2013

၁၉ရာစု ပညာရှင်တစ်ဦး၏ အဆိုအမိန့် (Karl MaX)




လောကကြီးကို ပြောင်းဖို့ကြိုးစားတဲ့သူဟာ အရင်ဆုံး သူကိုယ်တိုင် 

ကိုယ့်ကိုကိုယ် အရင်ပြောင်းဖို့ ကြိုးစားကြရပါလိမ့်မယ်။

ကား(လ)မက်(ခ) ၁၉ရာစု ဒဿန ပညာရှင်

Recent Activities of life