Sunday, November 29, 2020

အစိုးရသစ်နဲ့ စိန်ခေါ်မှုများ

 ဤဆောင်းပါးသည် ၂၀၁၅ ခုနှစ် NLD အစိုးရ သစ်တက်လာချိန် ရေးသားခဲ့သောဆောင်းပါးဖြစ်ပါသည်။ ပြန်လည်ဝေမျှလိုက်ပါတယ်။

(အနာဂတ် အစိုးရသစ်အတွက် ဘယ်လို စိန်ခေါ်မှုတွေ ဘယ်လိုဖြေရှင်းစရာတွေ ရှိနိုင်မည်နည်း။ ဤဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။)
"ဤဆောင်းပါးသည် မျက်မှောက်ကာလ မြန်မာနိုင်ငံ အနေဖြင့် ကြုံတွေနေသော ကိစ္စရပ်များအနက်မှ အစိုးရသစ် အနေဖြင့် မဖြစ်မနေ ကိုင်တွယ် ဖြေရှင်းရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဉာဏ်မီသမျှ ဝေဖန် အကြံပြု ရေးသားထားသော အတွေးအမြင်ဆောင်းပါး တစ်ပုဒ် ဖြစ်ပါတယ်"
(ဤ ဆောင်းပါးတွင် အသုံးပြုထားသော ဓာတ်ပုံများသည် Internet မှ download ရယူထားသော ဓာတ်ပုံများ ကို ရယူအသုံးပြုထားခြင်း ဖြစ်ပါသည်။)



    *နိဒါန်း*
၁၉၉၀ နှစ်များဆီက လုယူခြင်းခံခဲ့ရသော အာဏာတို့သည် လူထုအရေးတော်ပုံမှ ပေါ် ထွက်လာခဲ့သော NLD ထံသို့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အနှစ်နှစ်အလလ မျှော်လင့်ခဲ့ရ သော ပြုပြင်ပြောင်းလဲရေး အိပ်မက် များ အသစ်တစ်ဖန် မွေးဖွားခဲ့လေပြီ။ မြန်မာတို့ အောင် မြင်မှု လမ်းစသို့ရောက်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ အခြေအနေသို့ နေ့ချင်းညချင်း ရောက်ခဲ့ သည် မဟုတ် နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ခါးသီးမှုများ ဖိနှိပ်မှုများကို ကျော်ဖြတ်ပြီးမှ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး သမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများသည် နှစ်ပေါင်းများစွာ ဖိနှိပ်မှုအောက်တွင် ရုန်းကန်ခဲ့ကြရပြီင်္း ရုန်းကန်နေကြရဆဲ ဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိအနေအထားသည် အားလုံးပြေလည်သွားပြီး အခိုင်အမာ ဒီမိုကရေစီ သို့ ရောက်ရှိသည်တော့လည်း မဟုတ်ပါ။ ဒီမိုကရေစီ ခရီးသည် အလုံးစုံ ဖြောင့်ဖြူးသည့် ခရီးလမ်း မဟုတ်ပဲ ကြမ်းတမ်းသည့် ခရီးလမ်းကို ပင်ပန်းကြီးစွာ လျှောက်လှမ်းရင်း တည်ဆောက်ရသည်မျိုးဖြစ်သည်။ မြန်မာနိုင်ငံသည် စစ်တပ်မှ ကျောထောက်နောက်ခံပြု ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် အစပြုခဲ့သည်ဖြစ်ရာ ရေးဆွဲသူတို့ စိတ်တိုင်းကျ ရေးဆွဲခဲ့သည် ဖြစ်၍ အလုံးစုံ ဒီမိုကရေစီ ဆန်သော၊ အလုံးစုံ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော၊ ဖက်ဒရယ်ဆန်သော စနစ်တစ်ခုတော့ မဟုတ်ပါ။ သို့ဖြစ်၍ ပြင်စရာ ပြုစရာ များလှစွာသော အခြေအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည်ဖြစ်သည်။
နှစ်ပေါင်းများစွာ ဖိနှိပ်မှု ယန္တရားအောက်တွင် တိုင်းပြည်သည်လည်း အဘက်ဘက်မှ ယိုယွင်းနေသည် ဖြစ်ရာ ပြင်စရာပြုစရာများ ထုနှင့်ထည်နှင့် ရှိနေသည် ဖြစ်သည်။ ယခင် အစိုးရလက်ထက် ဆိုင်ငံ့ထားသော ကိစ္စရပ်များ ဖြေရှင်းနေရဆဲကိစ္စရပ်များ၊ တာဆူနေသည့် ကိစ္စရပ်များက အစိုးရသစ်ကို ဆီးကြိုလျက်ရှိသည်။

(၁) ထင်ရှားသည့် ကိစ္စရပ်များ
ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသားများ၊ မြစ်ဆုံအပါအဝင် တရုတ်နှင့် လုပ်ဆောင်ဆဲ ဖြစ်သည့် စီမံကိန်းများ ကိစ္စ၊ မပြီးပြတ်သေးသည့် စစ်ဘက်အရပ်ဘက်ဆက်ဆံရေး၊ လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာ အစရှိသည့် ကိစ္စများက သိသာထင်ရှားလှသည့် ဖြေရှင်းရန်ရှိနေသည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရသစ်အနေဖြင့် မဖြစ်မနေ ကိုင်တွယ်ဖြေရှင်း ရမည့် ကိစ္စများ အဖြစ်ရှိနေသည်။

(၂) နိုင်ငံတကာအကူအညီနှင့် ဖိအားများ
အစိုးရသစ်ကို နိုင်ငံတကာမှ အားပေးထောက်ခံမှုများ၊ ကမ်းလှမ်းလာသည့် အကူအညီများဖြင့် အခွင့်အလမ်း များ ရှိနေသလို တစ်ဖက်မှ ဖိအားများလည်း ရှိနေသည်။ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်သည့် ကိစ္စရပ်များ အပေါ် နိုင်ငံတကာမှ ဖိအားပေးကောင်း ပေးနိုင်သည်ဖြစ်ရာ အစိုးရသစ်အနေဖြင့် အဆိုပါကိစ္စကို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အနေအထားဖြင့် ကိုင်တွယ်နိုင်ရန် စီမံရပေမည်။

(၃)တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု အရေး
**အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အဓိက ကိုင်စွဲထား သော မူဝါဒဖြစ်ပြီး ပါတီခေါင်းဆောင် (သို့) လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစဉ်တစ်စိုက် ဝေဖန်ထောက်ပြ ပြောဆိုခဲ့သော ကိစ္စဖြစ်သည်။ သို့ဖြစ်ရာ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး တရားစီရင်ရေး အပိုင်းကို မည်သို့ဆောင်ရွက်မည်၊ တရားရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ အပေါ် ပြည်သူလူထု၏ ယုံကြည်မှုရှိရေး မည်သို့ဆောင်ရွက်မည်၊ ပြည်သူလူထု အမှန်တကယ် နစ်နာနေသော ကိစ္စများကို တရားဥပဒေစိုးမိုးရေး ရှုထောင့်ဘက်မှ မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်သွားမည် ဟူသော ကိစ္စမှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ အဆိုပါအချက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးနှင့် ပြည်သူလူထု၏ ဘဝလုံခြုံရေးနှင့် ပတ်သက်ဆက်စပ် နေသည်။

** ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စသည်လည်း အစိုးရ သစ်အနေဖြင့် အဓိက ရင်ဆိုင်တာဝန်ယူ ဖြေရှင်းရမည့် ကိစ္စရပ်များ အနက်မှ အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်သည်။ အစိုးရသစ် အနေဖြင့် သမ္မတ ဦးသိန်းစိန် ဖော်ဆောင်ခဲ့သော လမ်းကြောင်းဖြင့် ဆက်လက်သွားမည်လား၊

အစိုးရဟောင်း၏ ဆောင်ရွက်ခဲ့သော မပြီးပြတ်သေး သော ကိစ္စရပ်များ ဆောင်ရွက်ချက်များကို အခြေခံပြီး ပို၍ သင့်တော်ကောင်းမွန်သည့် လမ်းကြောင်းဖြင့် ယခင်အစိုးရချဉ်းကပ်ဆောင်ရွက်ခဲ့သော ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းထက် ပိုကောင်း သည့် လမ်းကြောင်းဖြင့် လက်နက်ကိုင် အင်အားစုများ အပါအဝင် တိုင်းရင်းသား အားလုံး ပူးပေါင်းပါဝင်သည့် လမ်းကြောင်းဖြင့် မည်သို့မည်ပုံ ချဉ်းကပ်ဆောင်ရွက်သွားမည် ဆိုသည်မှာလည်း စောင့်ကြည့်ရမည် ကိစ္စ တစ်ရပ်ဖြစ်သည်။

*** ယင်းမှတစ်ဆင့် တိုင်းရင်းသားအားလုံး လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ကို မည်ကဲ့သို့ ပုံဖော်သွားမည် ဆိုသည့်ကိစ္စကလည်း
မြန်မာအစိုးရသစ်အတွက် စိန်ခေါ်မှု တစ်ရပ်အနေဖြင့် ရှိနေသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းသည်ဟုရေးသားထားသော်လည်း လက်တွေ့တွင် ဗဟိုချုပ်ကိုင်မှုများသည့် (သို့တည်းမဟုတ်) ဗဟိုဦးစီး ဆန်စည့် စနစ်မျိုးကို ပုံဖော်ထားသည် ဖြစ်ရာ ဖက်ဒရယ်စနစ်သို့သွားရန် အဟန့်အတားများစွာ ရှိနေသည်။ အချို့သော ပညာရှင်များက အခြေခံ ဥပဒေပါ နောက်ဆက်တွဲ ဇယား ၂ (တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဥပဒေပြုပိုင်ခွင့်ရှိသော ကိစ္စရပ်များ) သို့ လုပ်ပိုင်ခွင့် အခွင့်အာဏာများ ပိုပေးခြင်းဖြင့် တိုင်းရင်းသား ပြည်နယ်များ အခွင့်အရေးပိုရလာမည်ဟုဆိုသော်လည်း တကယ်တမ်းလက်တွေ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ခြင်းသည် ထို့ထက်ပိုပြီး ခက်ခဲနက်နဲမည်ဖြစ်ရာ ပို၍ လက်တွေ့နီးစပ်သည့် လမ်းကြောင်းဆီသို့သွားမည် ဆိုသည်အချက်မှာလည်း အထူးအရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်သည်။
(၄) အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အကူး အပြောင်းကာလ တရားမျှတမှု


အဆိုပါ ကိစ္စသည်လည်း အရေးပါသည့် ကိစ္စ တစ်ရပ်ဖြစ်ပြီး မည်သို့သောချဉ်းကပ်မှု လမ်းကြောင်းဖြင့် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် အကူးအပြောင်းကာလ တရားမျှတရေးအတွက် ဆောင်ရွက်မည် ဆိုသည် မှာ လည်း အဓိကကျသည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။

(၅)နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး
သမ္မတ ဦးသိန်းစိန်လက်ထက်တွင် အခါအားလျော်စွာ နိုင်ငံရေးကြောင့် ထောင်ကျဖိနှိပ်ခံ နေရသော နိုင်ငံရေး အကျဉ်းသားများကို တစ်ဖွဲဖွဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။ အကျဉ်းသား ဟောင်းများလည်း ရှိနေသေးသည်။ သို့သော်လည်း အခြားတစ်ဖက်တွင် အစိုးရသစ် တက်လာပြီးနောက် အမျိုးမျိုးသော အချက်များဖြင့် တရားစွဲကာ ထောင်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ ရှိနေဆဲဖြစ်သည်။ ထိုသူများအား ပြန်လည်လွတ်မြောက်ရန် သမ္မတ၏ အထူးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် နိုင်သည်ဖြစ်ရာ အစိုးရသစ်အနေဖြင့် ထိုအခွင့် အာဏာကို အသုံးပြု၍ နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွတ် မြောက်နိုင်မည်လားဟူသော မျှော်လင့်ချက်များ ရှိနေသည်ဖြစ်ရာ အဆိုပါကိစ္စသည်လည်း အရေးပါ သည့် ကိစ္စတစ်ရပ်အနေဖြင့် ရှိနေပါသည်။ အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရ ဟူသော ကတိကဝတ်များလည်း ရှိနေသည်ဖြစ်ရာ အဆိုပါကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဆိုသည်မှာ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးမျှော်လင့်သည့် ကိစ္စရပ်ပင်ဖြစ်ပါသည်။ ထို့ပြင်လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နှှင့် ဆက်စပ်နေသည့် ငြိမ်းစုစီ ဟူလူသိများ သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်နှင့် လွတ်ငြိမ်းခွင့် ဥပဒေကို ပိုပြီး ဒီမိုကရေစီ နည်းလမ်းကျအောင် ပြင်ဆင်မည် ဆိုသည့် ကိစ္စသည်လည်း အရေးကြီးသည်ဟု ယူဆမိပါသည်။

(၆)ကျောင်းသားများ အရေးနှင့် အမျိုးသားပညာရေး ဥပဒေ
နောက်ထပ်အရေးကြီးသည့် ကိစ္စတစ်ရပ်မှာ နိုင်ငံတော်၏ ပညာရေး ကိစ္စ၊ ကျောင်းသားလူငယ်များ၏ အားပေး ထောက်ခံမှု ရရှိရန်လည်း ကြိုးစားရမည် ဖြစ်သည်။ တော်လှန်ရေးကောင်စီလက်ထက်မှ စ၍ အစိုးရ အဆက်ဆက်တို့သည် ကျောင်းသားများအပေါ် သဘောထား တင်းမာမှုများရှိခဲ့ပြီး ဖိနှိပ်ဆက်ဆံမှုများဖြင့် ရှိနေခဲ့သည်။ ကျောင်းသားအရေးနှင့် ပတ်သက်လျှင် တင်းမာသော သဘောထားရှိခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ အခြားတစ်ဘက်မှကြည့်လျှင် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှု သမိုင်းများတွင် အရေးပါသည့် နေရာမှ ပါဝင်သည် ဖြစ်ရာ ကျောင်းသားသမဂ္ဂများ၏ အရေးပါမှုကို လျစ်လျူရှုထား၍ မရသကဲ့သို့ ပညာရေးနှင့် ဆက်ဆိုင်နေသော ကျောင်းသားအဖွဲ့အစည်း ဆရာအဖွဲ့အစည်း များအား အလေးထား နေရာပေးမှုများ၊ အားပေးထောက်ခံမှုဖြင့် အားလုံးပူးပေါင်းပါဝင်သည့် အမျိုးသားပညာရေး ဥပဒေတစ်ရပ် ပေါ်လာရေး ကိစ္စကိုလည်း အလေးအနက်ထား စဉ်းစားဆောင်ရွက်ရန် အထူးအရေးကြီး လှပါသည်။

လွှတ်တော်ပြင်ပနိုင်ငံရေး အင်အားစုများ
နောက်ထပ်စဉ်းစားရမည့်ကိစ္စတစ်ရပ်မှာ လွှတ်တော်ပြင်ပနိုင်ငံရေး အင်အားစုများ ကိစ္စဖြစ်သည်။ လက်ရှိ ရွေးကောက်ပွဲ အသစ်တွင် အနိုင်မရရှိခဲ့သော အခြားသော အင်အားစုများလည်း နိုင်ငံရေးတွင် ဆက်လက်လှုပ်ရှားနေသည်ဖြစ်ရာ ပြင်ပနိုင်ငံရေး အင်အားစုများနှင့် လည်းကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်နှင့် ထိုအင်အားစုများ မည်သည့်နေရာမှ မည်သည့်အနေအထားဖြင့် မည်သို့သဘောထား ရပ်တည်ချက်ဖြင့် ပါဝင်ဆောင်ရွက်ကြမည်ကိုလည်း အလေးထားရမည် ဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသားရေး အင်အားစုများကို ဆိုလိုခြင်း ဖြစ်ပါသည်။

(၇) စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး
အခြေခံဥပဒေအရ နိုင်ငံတော် အာဏာအရပ်ရပ်သည် အစိုးရသစ်တွင် အလုံးစုံရှိနေသည် မဟုတ်ဘဲ တပ်မတော်နှင့် ခွဲဝေယူထားရသည့် သဘောဖြစ်နေသည်ဖြစ်ရာ ကိစ္စရပ်အများစု တွင် တပ်မတော်နှင့် မလွဲမသွေ ညှိနှိုင်းနေရသည့် အနေအထားတွင်ရှိနေဦးမည် ဖြစ်သည်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးကိစ္စ၊ လယ်ယာ မြေအရှုပ်အရှင်းကိစ္စ စသည့် ကိစ္စများသည် အကျိုးစီးပွားမျိုးစုံ ပေါင်းစုံနေသည့် အတွက် စစ်ဘက်-အရပ်ဘက် ညှိနှိုင်းရမည့် ကိစ္စရပ်များ ရှိနေဦးမည် ဖြစ်သည်။

(၈) ၂၅ ရာခိုင်နှုန်း တပ်မတော်သားများနှင့် ဥပဒေပြုရေး
အခြားတစ်ဘက် NLD ကိုယ်စားလှယ် အများစု အနိုင်ရထားသည့် ဥပဒေပြုလွှတ်တော်ပိုင်းကို ကြည့်မည်ဆိုပါက NLD တပ်မတော်သား နှစ်ဆယ့်ငါးရာခိုင်နှုန်း၊ တိုင်းရင်းသားလူနည်းစုများ ပါဝင်သည် ဖြစ်ရာ NLD ၏ အဓိက အတိုက်အခံသည် တပ်မတော်သား အင်အားစုများဖြစ်သည်။ ၎င်းတို့၏ သဘောထားသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားနှင့် တစ်ထပ်တည်းကျနေမည်ဖြစ်ရာ အချို့သော ဥပဒေပြုရေး ကိစ္စ၊ အဆိုပြုချက်များ တင်သွင်းသည့် ကိစ္စ၊ မေးခွန်းများ မေးမြန်းသည့် ကိစ္စများတွင် ယခုထက်ပို၍ ပွတ်တိုက်မှုများ ရှိလာနိုင် သောကြောင့် အပြန်အလှန် သဘောထားကြီးမှု ဖြင့် ရှေ့ဆက်သွားမှသာ အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ အဆိုပါ ပွတ်တိုက်မှုများကို အကောင်းဆုံး လျှော့ချနိုင်သည့် နည်းလမ်းတစ်ရပ်မှာ လွှတ်တော် အရပ်ရပ်မှ ဖွဲ့စည်းသော ကော်မတီများ အမှန်တကယ် အလုပ်လုပ်ဖို့ ဖြစ်ပါသည်။ လွှတ်တော် ဆွေးနွေးပွဲများ မတိုင်မီ အကြို ညှိနှိုင်းမှုများ ဆွေးနွေးမှုများကလည်း အရေးပါသည့် နေရာမှ ပါဝင်နေသည် ဖြစ်ရာ ဥပဒေပြု ကိုယ်စားလှယ်များ အနေဖြင့် အထူးအလေးအနက်ထား စဉ်းစားရမည့် ကိစ္စဖြစ်သည်။

(၉) ပြည်သူလူထု၏ မျှော်လင့်ချက်များကို ဖြည့်ဆည်း ရေးနှင့် သဟဇာတ ဖြစ်စေခြင်း
အခြားတစ်ဘက်တွင်လည်း အသစ်ဖြစ်ပေါ်လာသော ဥပဒေပြုလွှတ်တော်သစ် အစိုးရသစ်တို့ အပေါ် ပြည်သူလူထု၏ မျှော်လင့်ချက်ကလည်း ကြီးမားလှသည်ဖြစ်ရာ အစိုးရသစ်၏ မူဝါဒရေးရာ ကိစ္စရပ်များ၊ တိုင်းရေး ပြည်ရာနှင့် ယှဉ်သည့် အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှု များပေးရာတွင်လည်းကောင်း ပြည်သူလူထု စိတ်မပျက်စေရန်သည် အထူး အရေးကြီးပြန်သည်။ တပ်မတော်၏ အရေးပါမှုသည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အရေးကြီးသည်မှန်သော်လည်း ပြည်သူဆန္ဒနှင့် ယှဉ်လာလျှင် မည်သူ့ကို မည်သို့သော နည်းဗျူဟာများဖြင့် မည်သို့မည်ပုံ ဦးစားပေး ဆောင်ရွက်မည်နည်း ဟူသော ကိစ္စသည် အဓိက စိန်ခေါ်ချက် ဖြစ်လာမည် ဖြစ်ရာ အဆိုပါ ကိစ္စသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

(၁၀) ဝန်ထမ်းယန္တရားနှင့် လာဘ်ပေးလာဘ်ယူ မှု ပပျောက်ရေး
လာဘ်ပေးလာဘ်ယူ ကိစ္စအပေါ် မည်ကဲ့သို့ အဖြေရှာမည်ဆိုသည်မှာလည်း အထူးစိတ်ဝင်စားဖွယ် ကိစ္စဖြစ်နေပြီး ပြတ်သားစွာဆောင်ရွက်ရန် လိုအပ်လာပြန်သည်။ ဆယ်စုနှစ်ချီ အမြစ်တွယ်လာသည့် အကျင့်ပျက်ခြစားမှု ဖြင့်လှိုက်စားနေသည့် ဝန်ထမ်း ယန္တရားကို မည်သို့ကိုင်တွယ်မည်ဆိုသည့် ကိစ္စသည် လည်း ကောင်း ယင်းနှင့်ဆက်စပ်၍ သုံသိန်း အထက်မဟုတ်လျှင်ယူခွင့်ရှိသည့် ဟူသည့်အချက်များပါဝင်နေသည့် နည်းလမ်းမကျသည့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်ရမည် ဖြစ်သည်။

(၁၁) နိုင်ငံတော်၏ အမျိုးသားအဆင့် စီမံကိန်းများ
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလသို့ ကြည့်မည်ဆိုပါက နိုင်ငံတော် တည်ဆောက် ရေးအတွက် ပြည်တော်သာ စီမံကိန်း၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ချမှတ်ဆောင်ရွက်ခဲ့သော မအောင်မြင် သည့် နှစ်ရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာ မူ အဘက်ဘက်က ချွတ်ခြုံကျနေသော နိုင်ငံတစ်နိုင်ငံကို ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းမည်ဆိုပါက နိုင်ငံတော်မှ ဦးဆောင်သည့် နိုင်ငံတော် စီမံကိန်းများကိုလည်း ချမှတ်အကောင်အထည် ဖော်ရမည် ဖြစ်ရာ ယခင်က မအောင်မြင်သော အတွေ့အကြုံများကို သင်ခန်းစာယူပြီး ဘက်စုံ လွှမ်းခြုံပြီး ထိရောက်သည့် နှစ်ရှည် စီမံကိန်း တစ်ခု ချမှတ်ရန်လည်း အရေးကြီးပါသည်။

(၁၂) တိုင်းရင်းသားရေးရာ
နောက်ထပ်စဉ်းစားရမည့် ကိစ္စတစ်ရပ်မှာ လူနည်းစု တိုင်းရင်းသားလူမျိုးများ အရေးဖြစ်ပါသည်။ လက်ရှိ သမ္မတသစ်မှ ၎င်းဖွဲ့စည်းမည့် အစိုးရသစ်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဋ္ဌာနကို ထည့်သွင်းဖွဲ့စည်းထားသည့် အတွက် အစိုးရသစ်၏ တိုင်းရင်းသားများအတွက် အလေးအနက်ထားကြောင်း ပြသသည့် ခြေလှမ်းတစ်ရပ် ပင်ဖြစ်သည်။ တိုင်းရင်းသားများ၏ အရေးနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားရာတွင် တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို မည်သို့ အလေးအနက်ထား အရေးပေးဆောင်ရွက်မည်၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်မြှင့်တင်ပေးရမည့် တာဝန်သည်လည်း အရေးကြီးသည့် နေရာမှ ပါဝင်ပါသည်။

(၁၃) သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး အစီအမံများ
သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် မဟာဗျူဟာမြောက်ရေးဆွဲစီမံပြီး မည်သို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည်ဆိုသည့် ကိစ္စကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

(၁၄) စစ်မှန်သော အပြန်အလှန် ထိန်းကျောင်းမှု
နောက်ထပ်အရေးကြီးသည့် ကိစ္စမှာ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး မှန်ကန်သော အပြန်အလှန် ထိန်း ကျောင်းမှုပင်ဖြစ်သည်။ ပါတီတစ်ခုတည်းမှ ဆင်းသက်လာသည်မှန်သော်လည်း အသီးသီး တာဝန်ထမ်းဆောင် ကြသည့်အခါ ထိန်းကျောင်းမှု ပုံစံမှ အားပြိုင်မှု ပုံစံသို့ ပြောင်းလဲလာတတ်သည့် အတွေ့ အကြုံများကို သင်ခန်းစာယူ၍ မှန်ကန်သော သဟဇာတဖြစ်သည့် အပြန်အလှန်ထိန်းကျောင်းမှုပုံစံဖြင့် ရှေ့ဆက်ဆောင်ရွက် ကြမည်ကို ကြိုတင်ညှိနှိုင်း ပြင်ဆင်သင့်ပါသည်။

(၁၅) ကောင်းမွန်သော အုပ်ချုပ်ရေး
ကောင်းမွန်သော အုပ်ချုပ်ရေး ရှုထောင့်မှကြည့်ပါက တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ စွမ်းဆောင်ရည်ရှိမှု ဟူသည့် အင်္ဂါလက္ခဏာရပ်သုံးရပ်သည် အဓိက ကျသည်ဖြစ်ပါသည်။ လက်ရှိတွင် အစိုးရသစ်အနေဖြင့် အုပ်ချုပ်ရေး နှင့်ဆိုင်သည့် ဝန်ကြီးဋ္ဌာနများကို ယခင်ထက်ကျစ်ကျစ်လစ်လစ်ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ သို့ရာတွင် အစိုးရဝန်ကြီးဋ္ဌာနများ လျှော့ချခြင်း သပ်သပ်ဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ တစ်ရပ်မဖြစ်နိုင်ပါ၊ အုပ်ချုပ်သူ အကြီးအကဲများ၊ ပြည်ထောင်စု ဝန်ကြီးများ သာမက အုပ်ချုပ်ရေး ပြည်သူ့ဝန်ထမ်းများ၏ အကျင့်စာရိတ္တပိုင်း၊ လုပ်ငန်းစွမ်းဆောင်ရည်ပိုင်းများ တိုးတက်ကောင်းမွန်ရေး အတွက် မှန်ကန်မျှတသော ဆုပေး ဒဏ်ပေးစနစ်၊ ပညာပေးခြင်း၊ ဒီမိုကရေစီ နည်းကျ ကျင့်ကြံဆောင်ရွက်တတ်သည့် ပြည်သူ့ဝန်ထမ်းများ ဖြစ်စေရေး သည်လည်း အရေးကြီးပြန်ပါသည်။ အစိုးရသစ်အနေဖြင့် စွမ်းဆောင်ရည်ရှိပြီး ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ခံမှု တာဝန်ယူမှု အပြည့်ဖြင့် စွမ်းဆောင်နိုင်ရေးအတွက် အချင်းချင်း ပူးပေါင်းဆောင် ရွက်မှုသည်လည်း အရေးကြီးပါသည်။

(၁၆) အဓိကရုဏ်းများ စီမံခန့်ခွဲခြင်း
မြန်မာနိုင်ငံတွင် အခါအားလျော်စွာ ကြုံတွေ့ရသော စိန်ခေါ်မှုမှာ လူမျိုးရေး အခြေပြု အဓိကရုဏ်း ဖြစ်သည်။ 2014 ခုနှစ်တွင် လူမျိုးရေး အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရသည်။ အလားတူ အဓိကရုဏ်းများ ကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်၊ အမုန်းတရား ဖြန့်ဝေမှုများကို မည်ကဲ့သို့ တားဆီးဆောင်ရွက်မည် ဆိုသည်များကို စနစ်တကျ စီမံဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပြီး မတူညီမှုများ အကြား သဟဇာတ ဖြစ်စေရန်အတွက် နည်းဗျူဟာများ၊ အစီအစဉ်များ ချမှတ်ဆောင်ရွက်န် လိုအပ်မည် ဖြစ်ပါသည်။

(၁၇)မူးယစ်ဆေးဝါးပြဿနာ
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုနှင့် နာမည်ကြီးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အဆိုပါ ပုံရိပ်ဆိုးကို မည်ကဲ့သို့ စီမံဆောင်ရွက်မည် ဆိုသည်မှာ အရေးကြီးသည့် စိန်ခေါ်မှု တစ်ရပ်အနေဖြင့် ရှိနေပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် တစ်စိတ်တစ်ပိုင်း ဆက်စပ်နေသည်။

(၁၈) စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ
ထို့ပြင်တိုင်းပြည်၏ စီးပွားရေး မူဝါဒ၊ ဘဏာရေး မူဝါဒ၊ ငွေကြေးမူဝါဒတို့နှင့် ပတ်သက်ပြီး မည်သို့ စဉ်ဆက်မပြတ် ကောင်းမွန်နေအောင် လုပ်ဆောင်မည်၊ မြန်မာကျပ်ငွေကို မည်သို့သော စိတ်ချရသော နှုန်းထားဖြစ်စေရန်၊ ငွေကြေးတည်ငြိမ်မှုရှိစေရန် မည်သို့သော မူဝါဒမျိုးဖြင့် ဆောင်ရွက်မည်ဆိုသည်ကိုလည်း စဉ်းစားကြရမည် ဖြစ်သည်။ ပြောင်းလဲ ပြုပြင်လိုက်သော (သို့မဟုတ်) လုပ်ဆောင်လိုက်သော မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုသည် စီးပွားရေး အကြပ်အတည်များဆီသို့ ဦးတည်သွားစေမည်လား (သို့တည်းမဟုတ်) ပိုပြီး လုပ်သာကိုင်သာ ရှိသော အနေအထားမျိုးဖြစ်စေမည်လား ဆိုသည်ကို ချင့်ချိန်စဉ်းစားဆောင်ရွက်သင့်သည် ဟုယူဆမိပါသည်။ ယင်းနှင့်ဆက်စပ်ပြီး ဗဟိုဘဏ်၏ အခန်းကဏ ကိုမည်သို့ထားရှိမည်နည်း၊ ယခင်ကထက်ပို၍ လွတ်လပ်ခွင့်ပေးမည်လား မည်သို့စီမံမည်နည်း နှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ မည်သူဖြစ်လာပြီး ငွေကြေးမူဝါဒကို မည်သည့်ပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် မည်နည်း အစရှိသည့် ကိစ္စများက လည်း စိတ်ဝင်စားဖွယ် ကောင်းပြီး အထူးအရေးပါသည့် ကိစ္စတစ်ရပ်ပင်ဖြစ်ပါသည်။

    **နိဂုံး** အားလုံးပူးပေါင်းဆောင်ရွက်မှုဖြင့်သာ

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအတွက် ပြင်စရာ ပြုစရာ လိုအပ်ချက်များစွာ ရှိနေပြီး အဆိုပါကိစ္စများကို တာဝန်ယူဆောင်ရွက်မည့် အုပ်ချုပ်ရေးပိုင်းအနေဖြင့် ဖြေရှင်းဆောင်ရွက်မှုများဆောင်ရွက်ရာ တွင် အခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ရှိနေပါသည်။ တစ်ဖန် မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းစ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ်သာ ရှိနေပြီး ဒီမိုကရေစီ သက်တမ်းရင့်နိုင်ငံတစ်ခုလည်း မဟုတ်သေးပါ။ တပ်မတော်၏ အခန်းကဏ္ဍ ကလည်း ရှိနေသေးသည် ဖြစ်သည်။ ထို့အတွက် ပြည်သူလူထုအနေဖြင့်လည်း ထိုသို့သော အခြေအနေကို နားလည်ပေးနိုင်ရန်လိုအပ်ပြီ စိတ်ရှည်ဖို့လည်း လိုအပ်ပါသည်။ ယခုတက်လာမည့် လူထုအစိုးရသစ်အတွက် ကဏအသီးသီးသည် စိန်ခေါ်မှုများ၊ အခက်အခဲများ ရှိနေသည်ဖြစ်ရာ ပြည်သူလူထု အနေဖြင့်လည်း အကြပ်ရိုက်စေသည့် လမ်းကြောင့်သို့ ဦးတည်ခြင်း မပြုဘဲ ပူးပေါင်းဆောင်ရွက်သည့်လမ်းကြောင်း၊ ညှိနှိုင်းဆွေးနွေးသည့် လမ်းကြောင့်ဖြင့် ချဉ်းကပ်ဆောင်ရွက်ခြင်းဖြင့် ပိုကောင်းပြီး အားလုံးပါဝင်ဆောင်ရွက်သည့် ဒီမိုကရေစီ အကူးအပြောင်းဖြစ်စေရန် ဆက်လက်ဝန်းရံသင့်ပါ ကြောင်း ယူဆမိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လွတ်လပ်သော အရပ်ဖက် အဖွဲ့ အစည်းများ၊ ပညာရှင်များနှင့် မီဒီယာများ၏ အခန်းကဏသည် အရေးပါသည့် နေရာမှ ပါဝင်နေပါကြောင်း တင်ပြရင်း ပြည်သူတစ်ဦး၏ ရှုမြင်သုံးသပ်ချက်များကို ရေးသားဖော်ပြလိုက်ရပါသည်။ မည်သို့ပင်ဖြစ်စေ မှန်ကန်သည့် အယူအဆတစ်ရပ်မှာ အရပ်သားအစိုးရနှင့် အာဏာရှင် အစိုးရသည် တွေးခေါ်ယူဆပုံ၊ ရှုမြင်သုံးသပ်ပုံ၊ ပြဿနာရပ်များကို ချဉ်းကပ်ဖြေရှင်းသည့် ပုံစံမတူညီဘဲ လူထုအစိုးရဖြစ်သည့် အတွက် ပြည်သူ့ဆန္ဒနှင့် အလှမ်းဝေးသည့် ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသည့် အချက်များကို ဆောင်ခြင်း ပြုမည်မဟုတ်ဟူသည့် အချက်ပင်ဖြစ်ပါသည်။ တပ်မတော်အနေဖြင့်လည်း အမှန်တကယ် ဖွံ့ဖြိုးတိုး တက်မှု နှင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရန် စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် အရပ်သားအစိုးရနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

အားလုံးပါဝင်ဆောင်ရွက်မှုဖြင့် အောင်မြင်သော အပြောင်းအလဲ ဖြစ်စေရန် ဆန္ဒပြုရင်း ရေးသားတင်ပြ အပ်ပါသည်။
လေးစားစွာဖြင့် အောင်နိုင်မော် ၂၀၊ ၃၊ ၂၀၁၆
(ဤ ဆောင်းပါးတွင် အသုံးပြုထားသော ဓာတ်ပုံများသည် Internet မှ download ရယူထားသော ဓာတ်ပုံများကို ရယူအသုံးပြုထားခြင်း ဖြစ်ပါသည်။)

https://cdn.cfr.org/sites/default/files/styles/full_width_xl/public/image/2017/07/RTX37CQ0_0.jpg?h=f1a0fcef

No comments:

Recent Activities of life