"
မနက်ကောင်းကင်ကြီးရှေ့ဆီမှ ရောင်နီအလင်းများ ရောက်တဲ့အခါ …………….."
အဆိုပါ သီချင်းစာသားလေးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်
ပတ်သက်သော စာသာ ဖြစ် သော် လည်း ကျွန်ုပ်အတွက်မူ နေ့သစ်အတွက် အားမာန်များဖြစ်စေပါသည်။
ကျွန်တော်တို့ လူသားများသည် နေ့စဉ် နေ့တိုင်း မနက်အာရုဏ်တက်ပြီ ဆိုသည်နှင့် တစ်ပြိုင်နက်
ဘဝရပ်တည်ရေး၊ ဘဝရည်မှန်းချက်တို့အတွက် လုပ်ငန်းခွင်ကိုယ်စီသို့သွားရောက်ကြရသည်။ အချို့ကလည်း
ပညာရှာမှီးဖို့အတွက် ကျောင်းစာသင်ခန်း များဆီ သို့ သွားရောက်ကြရသည်။ ဤသို့ဖြင့် လူသားအသီးသီးတို့သည်
မိမိတို့တာဝန် မိမိတို့ထမ်းရင်း လောကအတွက် အလှဆင်နေကြပေသည်။
ဤသို့လုပ်ဆောင်ကြရာတွင် အချို့က မိမိတို့၏
တာဝန်၊ လုပ်ငန်းဆောင်တာများကို တက်ကြွစွာ လုပ်ကိုင်ကြသည်များရှိသလို အချို့ကလည်း ညည်းငွေ့စွာ
ဆောင်ရွက်ကြခြင်းများလည်း ရှိကြပါသည်။ မည်သို့ ပင်ဆောင်ရွက်ကြသည်ဖြစ်စေ လူသားအားလုံးတို့သည်
ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြရမည်သာ ဖြစ်သည်။ မကျေပွန်ပါက ရရှိမည့်ရလာဒ် ကောင်းကျိုးဆိုးကျိုးများကို
ရရှိခံစားကြရမည် ဖြစ်ပါသည်။ များသောအားဖြင့် လုပ်ငန်းတာဝန်များကို တက်ကြွစွာ အားမာန်အပြည့်
ဖြည့်သွင်း၍ဆောင်ရွက်ကြသူများသည် လုပ်ငန်းခွင်တွင် အခြားသူများသို့လည်း တက်ကြွစေရန်
အင်အားများဖြည့် စွမ်းပေးသည်။ တက်ကြွသော လူသားတစ်ဦးကို မြင်လိုက်ရသော သူတစ်ဦးသည်
အဆိုပါ လူသား၏ တက်ကြွမှုကို ကြည့်ရှုပြီး အားမာန်များ၊ အားကျမှုများရရှိ လာမည်ဖြစ်သည်။
ထိုမှတစ်ဆင့် လုပ်ငန်းခွင်တစ်ခုလုံးရှိ လူသားများ အသီးသီးသို့ တက်ကြွမှုများ ရရှိစေအောင်
ဆောင်ကြဉ်းပေးနိုင်ခဲ့လျှင် အောင်မြင်တိုးတက်မှုများ ပြည့်လျှမ်းနေသော အစဉ်ကောင်းမွန်သော
အကြံကောင်းဥာဏ်ကောင်းများ ဖြည့်စွမ်းပေးနိုင်သော လန်းဆန်းတောက်ပနေသော လုပ်ငန်းခွင်
မလွဲမသွေဖြစ် နိုင်ပါလိမ့်မည်။
လုပ်ငန်းခွင်များ၏ အနှစ်သာရသည် စုပေါင်းစွမ်းအားနှင့်
စိတ်ကောင်းစေတနာကောင်းရှိသော၊ ကိုယ်ကျိုးမဖက်သော လူသားများ၏ အတွင် အဇျတ္တ သန္တာန်တွင်
ကိန်းအောင်းနေပါသည်။ အဆိုပါ အနှစ်သာရ ကောင်းများသည် အကျိုးအမြတ်အဖြစ်ပေါ်ထွက်လာနိုင်ဖို့ဆိုပါက
တစ်မိုးအောက်တွင်နေထိုင်ကြသော လူသားများ အချင်းချင်း တူညီသော ရည်ရွယ်ချက်နှင့် ခိုင်မာသော
စိတ်ဆန္ဒ၊ အချောင်မခိုတတ်သော အလေ့အထများ ရှိဖို့လိုအပ်ပါသည်။ ကောင်းသော အလေ့အထတစ်ခုသည်အခြားသူများ
ထံသို့ကူးစက်နိုင် သကဲ့သို့ မကောင်းသော အလေ့အထတို့သည်လည်း ကူးစက်တတ်သော သဘောရှိပါသည်။
နောက်လာမည့် မျိုးဆက်သစ်များ၊ လူသစ်များကို မည်သို့သော အကျင့်များဖြင့် လုပ်ငန်းခွင်
တွင်ဆောင်ရွက်လုပ်ကိုင်စေလိုပါသ နည်း။ ကျွန်တော်အနေဖြင့် ပြောရမည်ဆိုပါက နောက်လာမည့်
လူသားများအား ကောင်းသောအကျင့်များ၊ မွန်မြတ်သော အကျင့်ကောင်းများဖြင့် ဝင်ရောက်လာမည့်
အနာဂတ်၏ ကြယ်ပွင့်များ ဖြစ်ရမည်ဟု စိတ်ကူး ဆောင်ရွက်သင့်ပါသည်။
ထိုသို့သော သဘောထားများ ထားရှိနိုင်ခြင်း၊
မထားရှိနိုင်ခြင်းသည် လူသားတစ်ဦး အနေဖြင့် မည်မျှအထိ ခေါင်းဆောင်ကောင်းပီသသည်/ မပီသသည်ဟူသည့်
အပေါ်တွင်သော်လည်းကောင်း၊ လူတစ်ဦး၏ အကောင်းမြင်မှု/ အဆိုးမြင်မှုစသည့် အချက်စိတ်နေသဘောထားများ
ပေါ်တွင်လည်းကောင်း မူတည်နေပါ သည်။
မိမိတို့တစ်ဦးချင်းစီ အနေဖြင့် ကြိုတင်မျှော်မြင်ပြီး
နောင်မျိုးဆက်များ၊ လူသစ်များအတွက်စဉ်းစား ကြဖို့လိုအပ်ပါသည်။ ဥပမာ နှိုင်းယှဉ်ရပါက
"ကျွန်တော်တို့သည် မိမိတို့၏ တာဝန်ကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်ရ၏၊ နောက်လူများအတွက်လည်း
စဉ်းစားရ၏၊ ရှေ့ကဆောင်ရွက်ခဲ့ကြသော ဆရာသမားများ ဖော် ဆောင်ခဲ့သော အဖွဲ့အစည်းကိုလည်း
ရေရှည်ခိုင်မြဲစေရန် ဆောင်ရွက်ရ၏" ဟူသော အချက်သုံးချက်ကို နှလုံး သွင်းမှတ်သား
သင့်ပါသည်။
အရိပ်နေနေ အခက်ချိုးချိုး အပြုအမူများကိုလည်း
ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နေ့သစ်တစ်ခုကို စိတ်ကောင်းနှလုံးကောင်းဖြင့်စတင် နိုးထပြီး
နေ့သစ်တိုင်းနေ့သစ်တိုင်းကို ပိုမိုကောင်းမွန်လာစေရန်နှင့် မိမိ၏ တာဝန်နှင့် ဝတ္တရားများကိုပြီးမြောက်အောင်မြင်အောင်
ဆောင်ရွက်နိုင်စေရန် မိမိလုပ်ဆောင်သမျှကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါးနှင့်
ယှဉ်၍ ကောင်းမွန်သော အတွေးအခေါ်၊ အပြောအဆို၊ လုပ်ကိုင် ဆောင်ရွက်မှုများဖြင့် ရှေ့သို့
လျှောက်လှမ်းကြပါစို့ဟု ရေးသားဖော်ပြလိုက်ရပါသည်။

No comments:
Post a Comment